ကျွန်တော့်မှာ ချစ်ဦးသူတစ်ယောက်ရှိခဲ့ဖူးတယ်ဆိုရင် သူဟာ အပျိုဖြစ်စမှာပဲ သေဆုံးသွားခဲ့တယ်
ဒုတိယမြောက်ချစ်သူကတော့ ကဗျာလေးပါပဲ
ကဗျာလေးကြောင့်ပဲ ကျွန်တော်ကဗျာတွေရေးတတ်ခဲ့တယ်
ပလွေမှုတ်ခဲ့တယ်
ဂစ်တာကို တီးတတ်ခဲ့တယ်
သီချင်းတွေ သေချာဆိုတတ်လာခဲ့တယ်
ရင်ကွဲတိုင်းသောက်ခဲ့လို့ အရက်ကောင်းကောင်းသောက်တတ်ခဲ့တယ်
ဘ၀ဟာ နေထိုင်လို့ကောင်းမှန်းပိုသိလာခဲ့တယ်
လူတစ်ယောက်ဟာ လူတစ်ယောက်ကြောင့် ပြောင်းလဲခဲ့တယ်ဆိုရင် အချစ်ကလွဲလို့ နောက်တစ်ခုရှိတယ်လို့ ကျွန်တော်တော့ တယ်မထင်ခဲ့ဘူး
အနာဂတ်လမ်းကြောင်းက မာလိန်မှူးဟာ ကဗျာလေးဖြစ်လာတာ ကိုယ့်ဘာသာ အကြိမ်ကြိမ် အံ့သြလို့
ကျွန်တော်ဟာ ကော်ပါဖီးလ်မျက်လှည့်ကြည့်သူလိုဖြစ်လာတယ်
ကဗျာ မလှပါဘဲ အလှကြိုက်တဲ့ကျွန်တော်ကို ကြောင်တောင်ကန်းချစ်သူဖြစ်စေခဲ့တယ်
အရယ်သန်တဲ့ကျွန်တော်ဟာ ခပ်တည်တည်နဲ့ နေတတ်ခဲ့တယ်
ဘ၀အကြောင်းမတွေးတဲ့ကျွန်တော်ဟာ လေးလေးနက်နက်တွေ တွေးလာခဲ့တယ်
ခက်တယ်ဆိုပြီး လေပူတွေကို နှာခေါင်းထဲက မှုတ်ထုတ်လိုက်တိုင်း ကဗျာလေးနဲ့မဆိုင်ဘူးဆိုတာကို သိနေတယ်
ကျွန်တော်ဟာအချစ်ကို စိတ်ဝင်စားသူ မဟုတ်ဘူး၊ လက်ခံယုံကြည်သူမဟုတ်ဘူး
အခုတော့ ခက်ပြီ…..
အချစ်ဝတ္ထုတွေ ခပ်တည်တည်ရေးနေကြတဲ့ လူပျိုကြီးစာရေးဆရာတွေ ငိုသွားအောင် အချစ်အကြောင်း ကျွန်တော်ဖွဲ့ဆိုနိုင်နေပြီ
ကဗျာလေးကိုချစ်လို့ ဘာမှ မရဘူးဆိုတာတောင် အချစ်ဆိုတာကို သိခွင့် မြင့်ခွင့် ကြုံခွင့် ခံစားခွင့်ပေးခဲ့တဲ့ကျေးဇူးတွေကို ဘယ်သွားထားမလဲ
ကျွန်တော်တော့ တော်တော်ခံစားစိုးထိတ်နေရပါပြီ

ဒါပေမဲ့ ကဗျာလေးဟာ ဒုတိယချစ်သူဖြစ်ခဲ့တယ်
သူမဟာ ပထမပန်းဝင်သူဖြစ်ပါလျက်နဲ့ ဒိုင်လူကြီးရဲ့အဆုံးအဖြတ်မှားမှုကြောင့် ဒုတိယနေရာကိုပဲရခဲ့တယ်
ကဗျာလေးအရှေ့မှာ ပထမပန်းဝင်ခဲ့သူကတော့ အပျိုမဖြစ်ခင်ကတည်းက အချစ်အကြောင်းကို သိခဲ့တဲ့ ကျွန်တော့်နှုတ်ခမ်းတွေကို စိုနွေးစေခဲ့တဲ့ ကာရန်လေးဖြစ်တယ်။
ကာရန်လေးဟာ ဂါဝန်လေးနဲ့ သိပ်လှခဲ့တယ်
ဂါဝန်လေးနဲ့ပြေးလွှားခဲ့ကြတဲ့ အချိန်တွေဟာ တစ်ခါတစ်ခါ ကျွန်တော့်အိပ်မက်ထဲ ပြန်ရောက်လာခဲ့တယ်
ဒုတိယချစ်သူရဲ့ပြုစုခြင်းမခံရမီ ညတွေကို စိုးပိုင်သူဟာ တခြားလူ ဒါမှမဟုတ် နောက်တစ်ယောက်မဟုတ်ခဲ့ပါဘူး
ကာရန်လေးပါပဲ
ကျွန်တော်ဟာ တော်တော်ဆိုးတဲ့ကောင်လေးတစ်ယောက်တော့ မဟုတ်ပါဘူး၊
ဒါပေမဲ့ ရဲရင့်မှုလည်း မရှိဘူး၊
ကြောင်တောင်တောင် ထုံအအ အပျင်းထူတဲ့ကောင်လေးတစ်ယောက်လို့တော့ ပြောလို့ရပါတယ်
ကာရန်လေးဟာ ဂါဝန်လေးနဲ့ ကျွန်တော့်ကို လာခေါ်တယ်
စကတ်တိုလေးနဲ့ လာခေါ်တယ်
အချစ်အကြောင်းပြောပြတယ်
အချစ်ဆိုတာဖွဲ့နွဲ့တယ်
ဘောလုံးကန်ဖို့သာ စိတ်ဝင်စားတဲ့ကျွန်တော်ဟာ ကာရန်ပြောပြတဲ့အကြောင်းအရာတွေကို မသိခဲ့ပါဘူး
နောက် ဘယ်တော့မှလည်း သိမယ်မထင်တော့ပါဘူး
ကဗျာလေးကြောင့်သာ နည်းနည်းပါးပါး ပြန်မှန်းဆလို့ရခဲ့တာလို့တော့ ပြောလို့ရမယ်ထင်ပါတယ်
သေချာပါတယ်
သူတို့နှစ်ယောက်ရဲ့အချစ်ဟာ အချစ်ချင်းတူပေမယ့် ချစ်ခြင်းတော့ တူမှာမဟုတ်ပါဘူး
အချစ်ဆိုတာ ဆန်းကြယ်တယ်ဆိုတာ ကြားဖူးခဲ့ပေမယ့် ဘာမှန်းသေချာသိခဲ့တာတော့ မဟုတ်ပါဘူး
မိန်းကလေးတစ်ယောက်နဲ့ မိန်းမငယ်လေးတစ်ယောက်တို့ဟာ ကျွန်တော့်ကို အချစ်အကြောင်းသင်ပေးခဲ့တဲ့ အချစ်ဆရာမကြီးတွေလို့တော့ ပြောလို့ရပါတယ်။

အခုတော့ ကျွန်တော်ဟာ ဒုတိယချစ်သူရဲ့ရင်ခွင်ထဲကို ရောက်နေခဲ့ပါပြီ
ဘာလုပ်ရမှန်းမသိလို့ ကြောင်တောင်တောင် ဖြစ်ခဲ့တာလည်းများပါပြီ
ခေါင်းကုတ်ဖင်ကုတ်နဲ့ ကဗျာလေးကို သမင်လည်ပြန်ကြည့်ရင်း ပြန်ပြန်ခဲ့ရတဲ့ အချိန်တွေလည်း မနည်းတော့ပါဘူး
ကျွန်တော်သိတဲ့အချစ်ဆိုတာ အချစ်ပဲပါတာလေ
နွားနို့တွေ
လက်ဖက်ခြောက်တွေ ရောထားတဲ့ လက်ဖက်ရည်တစ်ခွက်လိုမှ မဟုတ်တာလေ….
ကျွန်တော်တော့ မသိတော့ပါဘူးဗျာ
ဒုတိယချစ်သူဟာ ကျွန်တော့်အတွက် ချစ်သူကောင်းတစ်ယောက်ဆိုတာတော့ သိပါတယ်
ကျန်တာတွေကိုတော့ မသိပါဘူး
ချစ်သူကိုတော့ ကျွန်တော် ငုံထားမတတ်ချစ်ပါတယ်
အချိန်ရရင်တော့ ဆက်ပြောပြပါဦးမယ်
အခုတော့ ပြောပြရင်း ဇက်ကြောတွေတက်လာလို့ ခဏနားရပါတော့မယ်။

အောက်တိုဘာ ၂၀၊ ၂၀၀၈။ ည ၇း၁၀ နာရီ