ဘာမှမလျှော့နိုင်သေးပါလား
သည်းခံတာကိုလည်း ဒီထက်မပိုနိုင်သေးဘူး
အစားမှာလည်း မသည်းခံနိုင်ဘူး
အကောင်းဆုံး အကောင်းဆုံးဆိုတာကိုပဲ အမြဲတောင့်တလို့
ကိုယ်ဘက်ကနာမယ့်အရေးကိုလည်း တစ်ချက်ကလေးမှအထိမခံဘူး
အပြောအဆိုကလည်း မာကျောတောင့်တင်းနေတုန်းပါပဲ
အပြောအဆို အနေအထိုင် အစားအသောက်
ဘာတစ်ခုမှ မလျှော့နိုင်သေးပါဘူး
အနိုင်လိုချင်ဆဲ အသာလိုနေဆဲပါပဲလား
ဒါနဲ့များ တရားကျင့်မတဲ့
စွန့်ပစ်စရာရှိတာများ စွန့်ပစ်ပယ်ပြီး တောထွက်မတဲ့
ဘယ်လိုများ ဖြစ်နိုင်ပါမလဲ
နံပါတ်တစ်ကလေးကိုတောင် မလုပ်နိုင်ဘဲနဲ့
အဆင့်မြင့်နံပါတ်တွေကို ဘယ်လိုကျော်လွှားနိုင်မှာလဲ
အပြောလွယ်သလောက် အလုပ်ခက်တာ
တရားဓမ္မအလုပ်ပေပဲ
မင့်စိတ်ကို မင်းပြန်စစ်ဦး
သည်းခံဦး လျှော့ဦး လျှော့ဦး
လောဘ ဒေါသ မောဟ တဏှာ ဒိဌိ
အား………
စိတ်ဖောက်နေဆဲ ခါလူးနေဆဲပါတကား။

အောက်တိုဘာ၊ ၂၀၀၈။