ဘ၀ကို အဓိပ္ပာယ်ဖွင့်
လှပတဲ့အနက် လူတိုင်းလိုချင်တာချည်း
မိနဲ့ဖနဲ့ သားနဲ့မယားနဲ့ ချစ်သူနဲ့
ပြည့်စုံကြွယ်ဝခြင်း ကျန်းမာခြင်းများနဲ့
စိတ်ဆင်းရဲခြင်းကင်းသော
ဖြောင့်ဖြူးသောအနာဂတ် လူတိုင်းတောင့်တတတ်သပေါ့
ကဗျာဆရာမှမဟုတ် ပညာရှိမှမဟုတ်
ပညာတတ်တတ် မတတ်တတ်
လူချမ်းသာ လူဆင်းရဲ
အားလုံးလိုချင်တာ ပြည့်စုံသောဘ၀ပါပဲ
တထစ်ချ မမှားနိုင်
မှားတယ်ဆိုသူ ရူးသူပါပဲ။

ပညာသင် အလုပ်လုပ် တရားရှာ
ဗုဒ္ဓဘာသာဝင်မို့
ဘ၀ကို သုံးပိုင်းပိုင်း တစ်ပိုင်းဆီပြန်ခွဲနဲ့
လုပ်နေလိုက်ကြတာ
၃၀ ၃၀ ၃၀ အသက် ၉၀ နေရမတဲ့လား
မနက်ဖြန်ဆိုတာတောင် ဘယ်သူ့မှ မသိတဲ့ လောကမှာ
ရယ်စရာတွေ မပြောတာအကောင်းဆုံးပေါ့ဗျာ။

ဘ၀ဆိုတာ တိုတိုတောင်းတောင်း မုန့်လက်ဆောင်းပါပဲ
လတ်လတ်ဆတ်ဆတ် မုန့်ကို အုန်းနို့ရည် လတ်လတ်နဲ့
ရေခဲအေးအေးပါခပ်ပါမှ အရသာရှိမှာ မဟုတ်လား
တောင်တွေးမြောက်တွေးနဲ့ အရသာကို မခံစားရင်
ဘယ်တော့မှလည်း ခံစားနိုင်မှာ မဟုတ်ပါဘူး
ကိုယ့်ကိုယ်ကိုယ်သိ အမှန်ကို အမှန်တိုင်းမြင်ပြီး
ဘ၀ကို ခင်
ခပ်အေးအေးနေ
အလုပ်ကိုသေချာလုပ်
အသက်သုံးဆယ်မကျော်ခင် အထုပ်ပိုင်အောင်ထုပ်ကြပေတော့။

ခေတ်က မကောင်း
လူတွေက မကောင်း
အချိန်က မကောင်း
စနစ်က မကောင်းနဲ့မို့
ကောင်းတာဘာမှ မရှိတဲ့ ဘ၀မှာ
ကိုယ်ချည်းကောင်းနေတော့ကော
အဖြေများရှိပါရဲ့လားဗျာ။

ရှိပါသောကော ရှိပါသောကော
ဘယ်ရောက်ရောက် ဘာလုပ်လုပ်
အားအင်အပြည့်သာ စိုက်ထုတ်လုပ်
ဇွဲ လုံလအရင်းတည်
မပြတ်သောကြိုးစားမှု
ဖြည့်ဆည်းစရာတွေစွက်ပါလို့
ကံတရားဖေးကူမရင်ဖြင့် မနက်ဖြန်မနှေး ချမ်းသာရေးမှာ
ညီလေးရေ…သေချင်သေသွားပါစေကွာ
သုံးဆယ်မကျော်ခင် အကုန်လုပ်ထားပေတော့။

အနာဂတ်ဘ၀ခရီးမှာ
ပျော်ပျော်မောမော
မသေခင်စပ်ကြားမှာ
မင်း အပျော်နည်းနည်း အမောများများတွေ ကြုံရမှာမို့
ကြိုပြောလိုက်ပါမယ်
မင်းထင်သလိုမဟုတ်ဘူး
ဘ၀ဟာ မာယာတွေနဲ့မို့
သုံးဆယ်မကျော်ခင် လုပ်စရာရှိ အကုန်လုပ်ထားလို့
စေတနာမွန်ဖြင့် မင့်နောင်တော် မှာစကား သည်းမှာစွဲအောင် သံမှိုနှက်လို့ မှတ်ကာထား။

စက်တင်ဘာ၊ ၂၀၀၈။