ခပ်တည်တည်နေတတ်ခဲ့တာလည်း ကြာပေါ့

တည်ငြိမ်ချင်ယောင်ဆောင်ရတာလည်း အမော

ခက်တာက ဘ၀မငြိမ်းချမ်းသေးဘူး

ဒီလိုနဲ့စီးမျော

လည်တဲ့ကောင်မလေးတချို့ကတော့ မယုံကြတော့ပါဘူး

ရင်ခုန်သံအတုတွေလည်း အသံတောင်မထွက်ကြတော့

အသဲကွဲဇာတ်ဝင်ခန်းလေးဟာ သနားစရာမကောင်းတော့

အကယ်ဒမီမင်းသားကြီး အိုက်တင်တွေလည်း အသုံးမ၀င်တော့

နေရောင်တွေဟာ ထွန်းလင်းလိုက်တာ ခန်းမကြီးတစ်ခုလုံး

ရက်ရက်စက်စက် လှလိုက်တဲ့နှင်းဆီတွေ

ပန်သူကိုမျှော်နေရင်း ညှိုးလို့ 

သနားစရာ မြင်ကွင်းပါပဲ

မင်းသမီးမပါတဲ့ဇာတ်ကား လူမ၀င်တာမဆန်းသလို

သူမြင်းပေါ်က အကြိမ်ကြိမ်ကျခဲ့

ဇာတ်ဝင်ခန်းအားလုံးဟာ ရုပ်ရှင်ဆန်လွန်းလိုက်တာလေ

နေ့ဟာနေ့နဲ့တောင် မတူတော့ဘူး

ချစ်ဖို့ကောင်းတဲ့ကောင်မလေးရေ…

လူလည်ကို သတိထားပေတော့

လူလည်ဟာ သူများမလည်ရရင်တောင် သူ့ဟာသူ လည်နေတာမျိုးမို့။

 

စက်တင်ဘာ၊ ၂၀၀၈။