မသိဘဲနဲ့ ကြီးလာခဲ့

မလွတ်လပ်ဘဲ ထွားလာခဲ့

ယောင်နနနဲ့ ဖွံ့လာခဲ့

ဒီလိုနဲ့ပဲ ပြီးမှာလား ငါစဉ်းစား၊

 

မနေ့က ငါလည်းမဟုတ်

မနှစ်က ငါလည်းမဟုတ်

အနှစ် ၃၀ တောင်ကျော်ပေါ့

သနားစရာဘ၀ပေပဲ၊

 

ထမင်းစားပြီး အသက်ကြီး

ဝါသနာပါရာ အလုပ်လုပ်

လုပ်ချင်တာတွေ လုပ်ခဲ့ပြီးကာမှ

အခုတော့

ငွေမျက်နှာပဲ ခင်တွယ်တတ်ခဲ့၊

 

အတွေ့အကြုံတွေ မျှဝေကြတဲ့အခါ

ငွေရှာဖို့ကိုချည်း ကိုယ်တွင်တွင်ပြောပါတော့တယ်

ငွေထက်အရေးကြီးတာ ဘာများရှိနိုင်ပါသေးလဲ၊

 

တက်ကြွတဲ့လူငယ်တွေက ပညာသာအခရာလို့ ကိုယ့်ကိုဆုံးမကြတယ်

ပညာဟာ လူခိုးလို့လည်း မရဘူး

မီးလောင်လည်း မပျောက်ဘူး

အချိန်မရွေး ဒေသမခြား သုံးနိုင်သားတဲ့၊

 

ပညာ အသပြာ နှစ်လွှာနှစ်ဖြာ

ဘ၀ခရီးမှာ 

ကိုယ်ကြောက်ခဲ့တဲ့ ငွေနောက်လိုက်ခဲ့မိပါပေါ့

ခွင့်လွတ်ပါတော့ ညီငယ်လေး။

 

စက်တင်ဘာ၊ ၂၀၀၈။