ငယ်ငယ်က အမေပြောခဲ့ဖူးတယ်

ငါ့သား ကြီးလာရင်

အရာရှိကြီးအဖြစ်နဲ့

အခန်းအကြီးကြီးထဲမှာ စားပွဲအကြီးကြီးနဲ့

ပန်ကာအောက်မှာ ထိုင်

လက်အောက်ဝန်ထမ်းတွေကို စီမံခန့်ခွဲ

ပညာတတ်မင်းကြီးအဖြစ်နဲ့ပေါ့၊

 

အခုတော့ ငါလည်း

အမေဖြစ်စေချင်တာနဲ့ တစ်ထပ်တည်းတော့မညီ

ခပ်မိုက်မိုက်နဲ့ ကိုယ်လုပ်ချင်တာ ကိုယ်လုပ်

ကိုယ်ဝါသနာပါရာ ကိုယ်လုပ်

ကိုယ်ပျော်ရာ ကိုယ်လုပ်

အယ်ဒီတာအချုပ်ဘ၀နဲ့

စားပွဲ ကုလားထိုင်နဲ့ထိုင်

ကွှန်ပျုတာမှန်သားပြင်ကို ကြည့်

တခိခိနဲ့ရယ် တစ်ခါတစ်ခါ တဟားဟားထိ ကျယ်

ရယ်ချင်သလိုရယ် နေတတ်ခဲ့တယ်။

 

အမေ့အတွေးထဲမှာ အဲကွန်းဆိုတာ မပါတတ်ခဲ့ဘူး

ကွန်ပျူတာဆိုတာ မပါလောက်ဘူး

အထပ်မြင့်အဆောက်အဦတွေ ပါဟန်မတူဘူး

စီဒီအ၀ိုင်းဓါတ်ပြားလေးတွေ တုတ်(စတစ်)လို့ခေါ်တဲ့ သိုမှီးစရာလေးတွေ မပါနိုင်ဘူး

အင်တာနက် ချက်တင် သိပ္ပံတန်ခိုးတွေ မပါသေးဘူး

အခုတော့ ဒိဗ္ဗစက္ခု ဒိဗ္ဗသောတတွေနဲ့ ငါ(အမေ့သား)

နတ်သမီးလေးတွေ(ရည်းစားမဟုတ်သော သူငယ်ချင်းမိန်းကလေးများ)နဲ့

ပလီပလာ တီတီတာတာ အီအီအာအာ တောင်တောင်မြောက်မြောက်

ရောက်တတ်ရာရာ အခါခါ ပြောရင်း

တစ်ခါတစ်ခါ တစ်ကိုယ်လုံး လှုပ်ခါရမ်းလို့

ရယ်မိတယ် အမေ့။

 

စက်တင်ဘာ၊ ၂၀၀၈။