ကိုယ်တစ်ယောက်တည်း မောင်းခဲ့ဖူး

ကြမ်းလိုက်သမှ ရမ်းလိုက်သမှ

အခုပြန်စဉ်းစား အခုကြောက်လို့

အဲဒီတုန်းကတော့ မကြောက်တတ်ခဲ့ဖူးလေ

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့

မောင်းထည့်လိုက်တာများ အကြိမ်ကြိမ် ဂုဏ်ယူခဲ့။

 

ကျော်စရာရှိ ကျော်

ဖြတ်စရာရှိ ဖြတ်

တက်စရာရှိ တက်

လုပ်ခဲ့တာများ ဟား ဟား မိုက်တယ်

ဒါပေမယ့် ငါ့ဂွေ(ခွေ)ထဲက အကောင်းဆုံးလုပ်ခဲ့တယ်။

 

လှလိုက်တာကွာ ရိပ်ကနဲ ရိပ်ကနဲ

သိမ့်ကနဲ သိမ့်ကနဲ

ပျော်ခဲ့လိုက်တာ ကျေနပ်ခဲ့တာ

အခိုက်အတန့်မှာပဲ

နောက်ကားတွေ ပါလာခဲ့တယ်။

 

ကျော်ဖြတ်ခဲ့ဖူးတဲ့ အရသာ

အခုတော့ ကျော်ခံရမှာ

သိသိကြီးနဲ့ကို ကွာ

အဝေးပြေးလမ်းပေါ်မှာ။     ။

 

အနီး အဝေး မြင်ကွင်းများ မှ၊ စက်တင်ဘာ ၂၀၀၈။