ငါ့ကိုယ်ငါ ၀ှက်ရင်းနေတုန်း မင်းကို တွေ့တယ်
မနေ့က အတွေးထဲမှာပဲရှိတုန်း ကမ္ဘာတစ်ခု ပြောင်းတယ်
ကောင်မလေးရယ် မင်း ဘောင်းဘီတိုလေးနဲ့ လှတယ်
မင့်နှာခေါင်းချွန်ချွန်လေးကိုသာ ကွက်ပြီး ကြိုက်နေမိတယ်
ပန်းပုရုပ်လို လုပ်မနေပါနဲ့
မင်းကို ချစ်တယ်။

အချိန်တွေကို ရောင်းတုန်း ၀ယ်တုန်းမှာပဲ အချိန်တွေ ပြောင်းနေတယ်
ငါက ငါ့ကို ရောင်းတယ်
မင်းက မင်းကို ရောင်းတယ်
လူတွေက လူတွေကို ရောင်းတယ်
အချိန် အချစ် နဲ့ ငွေမှာ တစ်ခုခု ချိတ်နွယ်မှု ရှိသလားလို့ ကိုဖေခင်က မေးတယ်
ငါ့ အတွေ့အကြုံနုနုနဲ့မို့ အဲ့ဒီမေးခွန်းတွေကို ရှောင်လေ့ရှိတယ်
မင်း ဖြေနိုင်ရင် ဖြေလိုက်ပါကွယ်။

ငါ သူလည်း မဖြစ်ချင်ပါဘူး
သူ့ကို ငါလည်း မဖြစ်စေချင်ဘူး
ငါ့ဟာ ငါပဲ ကြိုက်ပါတယ်
ဒါပေမယ့်ကွယ်
ဘာဖြစ်မှန်းမသိဘဲ ငါ အားမစိုက်ချင်တော့ဘူး ဖြစ်ဖြစ်နေတယ်
အားမရလည်း မတတ်နိုင်
အထင်သေးလည်း ခွင့်လွှတ်တယ်
ငါ့ကိုယ်ငါတောင် နားမလည်မှတော့ ဘယ်သူ့မှလည်း အပြစ်မတင်တော့ပါဘူး။

နောက်ရက်တွေမှာလည်း ဒီအတိုင်းဖြစ်နေဦးမှာလားလို့တော့ တွေးမိတယ်
ငါ မလွန်တာ ငါသိပေမယ့်
ဘယ်သူကိုမှလည်း အပြစ်မတင်ချင်ဘူးလေ
မင်းကို ချစ်ချင်တယ်
ငါ့ကိုလည်း မင်းက ချစ်စေချင်တယ်
အချစ်ကိုလည်း ဖြစ်ဖြစ်ညစ်ညစ် ချစ်လိုက်ချင်တယ်
အမေရေ…
ဘောင်းဘီတိုနဲ့ ကောင်မလေးကို ချစ်တယ်။

စက်တင်ဘာ ၄၊ ၂၀၀၈၊ ညနေ ၅ နာရီ၊ ၄၅ မိနစ်။