ဥရောပထဲပြေးဝင်လိုသော အာရှသား သို့မဟုတ် တူရကီ

ဇွန်တတိယပတ်က အရှေ့နှင့်အနောက်ဆုံရာအရပ် သို့မဟုတ် အာရှနှင့်ဥရောပတိုက်ပေါ် ခွထိုင်တည်ရှိနေသော တူရကီနိုင်ငံသို့ စီးပွားရေးကွန်ဖရင့်တက်ရောက်သတင်းယူရန် သွားရောက်ခဲ့ရာ တူရကီမြင်ကွင်းတချို့ကို စာဖတ်သူများနှင့်ဝေမျှခံစားလိုပါသည်။

တူရကီ

ချစ်ခင်စရာကောင်းပြီး ရိုးသားပွင့်လင်းသော တူရကီမလေးများ

တူရကီမှာ မြန်မာနှင့် မစိမ်းမရင်းသော နိုင်ငံဖြစ်သည်။ မွတ်စလင် နိုင်ငံဖြစ်သော်လည်း ဒီမိုကရေစီ စနစ်ကျင့် သုံးသော တူရကီတွင် ဘာသာရေးကို နိုင်ငံရေးနှင့် မရောထားသဖြင့် နိုင်ငံသားများမှာ ဘာသာရေးကြောင့် တင်းကျပ်မနေဘဲ လွတ်လပ် နေကြသည်။ စီးပွားရေးကို ဇောင်းပေး ကြိုးစား လုပ်ကိုင်ကြပြီး ပညာရေးကို အားပေးထားသည်။ နိုင်ငံသား တစ်ဦးချင်း ၀င်ငွေ(တစ်နှစ်) အမေရိကန် ဒေါ်လာ ၉ç၃၀၀ ရှိသော နိုင်ငံဖြစ် သည်။

ယူရို၉၆(Euro 96)ဘောလုံးပွဲများကို စီးကရက် ကုမ္ပဏီများ ကမကထနှင့် မြန်မာနိုင်ငံတွင် တိုက်ရိုက်လွှင့်စဉ်က နာမည်ကြီး ရုပ်ရှင် မင်းသားကြီး ညွန့်ဝင်းက ပွဲမကစားမီ အချိန်များတွင် ပွဲကြိုအသင်း မိတ်ဆက်များ၊ ဘောလုံးပွဲ အခြေအနေနှင့် ဘောလုံးသမား အကြောင်းတို့ကို မိတ်ဆက် ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ၊ ဒါဂျီလင်တွင် ကျောင်းတက်ခဲ့သော မင်းသားကြီးက တူရကီကို မြန်မာ ပါးစပ် လေးလေး တွဲတွဲခေါ်နေကြ တူရကီဟု မခေါ်ဘဲ တာကီဟု ခေါ်ခဲ့သဖြင့် အယ်ဒီတာတို့ စိတ် ၀င်စားခဲ့ဖူးသည်။ ယခုတစ်ကြိမ် ယူရို၂၀၀၈ (Euro 2008) တွင် တူရကီသို့သွားခွင့်ကြုံခဲ့သည်။

တူရကီရောက်စဉ်မှာပင် တူရကီက ဘောလုံးအင်အားကြီးနိုင်ငံ ခရိုအေးရှားနှင့် ကွာတားဖိုင်နယ်(ရှုံးထွက်) ကန်သည်။ အချိန်ပိုအထိကစားရပြီး တစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနေရာမှ နောက်ဆုံးစက္ကန့်အထိကစားခဲ့ပြီး ကွင်းလယ်ဒိုင်လူကြီးပါးစပ်ထဲ ၀ီစီတပ်ကာ မှုတ်မည့်ဆဲဆဲ တူရကီဂိုးသွင်းခဲ့သဖြင့် တစ်ဂိုးစီ သရေကျကာ၊ သုညမှတ်အထိ ရုတ်ချည်းစိတ်ဓာတ်ကျသွားသော ခရိုအေးရှားကို ပင်နယ်တီတွင် အနိုင်ယူကာ ဆီးမီးဖိုင်နယ်တက်သွားခဲ့သည့်တူရကီကို အယ်ဒီတာ သဘောကျသွားခဲ့သည်။

တူရကီကို ပို့ဆောင်ပေးသော ကျေးဇူးရှင်နှင့် ကျွန်တော်

ကိုယ်က သူ့မြေပေါ် ရောက်ခိုက် ဧည့်သည် ဖြစ်နေတုန်း အိမ်ရှင် အသင်းကို အားပေးကာ ရောယောင် အော်ဟစ် အား ပေးခဲ့သော်လည်း နောက်ဆုံး စက္ကန့်အထိ အနိုင်မခံ အရှုံးမပေး ကစားတတ်သော တူရကီ စိတ်ဓာတ်နှင့် အင်အားကို အယ်ဒီတာ လေးစား သွားခဲ့သည်။ ပြိုင်ပွဲ ဆိုသည်မှာ မပြီးခင် အထိ အဖြေ ပြောင်းလဲ နိုင်သည်ဟု စိတ်ထဲစွဲ သွားအောင် တူရကီ အသင်းက အယ်ဒီတာကို သင်ပြပေးခဲ့သည်။

ဇွန် ၂၅ တွင်တော့ ဂျာမနီနှင့် ဆီမီးဖိုင်နယ် ကန်ရာ တူရကီက ဂျာမနီ ကို ၂-၃ ဖြင့် ရှုံးနိမ့် သွားခဲ့သည်။ ၂-၂ ဖြင့် သရေ ကစားပြီးမှ ပွဲပြီးကာနီး ဂျာမနီက ဂိုးသွင်း ယူခဲ့ခြင်း ဖြစ်သည်။

ဥရောပထဲဝင်ချင်သော အာရှသား
လူဦးရေသန်း ၇၀ ကျော်ရှိပြီး မွတ်စလင် ၉၉ ရာခိုင်နှုန်းရှိ သော တူရကီနိုင်ငံကို တူရကီသမ္မတနိုင်ငံဟုခေါ်သည်။

ကမ္ဘာပေါ်တွင် လူငယ်လူဦးရေအများဆုံးဖြင့် ဖွဲ့စည်းထားသောနိုင်ငံဖြစ်ပြီး၊ နိုင်ငံလူဦးရေစုစုပေါင်းတွင် အလုပ် လုပ်ကိုင်နိုင်သူအချိုးအစားများသော နိုင်ငံလည်းဖြစ်သည်။ အွန်လိုင်းစွယ်စုံကျမ်းဖြစ်သော ၀ီကီပီဒီးယားအဆိုအရ တူရကီ လူဦးရေစုစုပေါင်း၏ထက်ဝက်မှာ အသက် ၂၈ နှစ် အောက် ဖြစ်ပြီး၊ အလုပ်လုပ်နိုင်သောအရွယ် (အသက် ၁၅ မှ ၆၄ ကြား)မှာ လူဦးရေစုစုပေါင်း၏ ၆၆.၅ ရာခိုင်နှုန်းရှိသည်။

တူရကီသို့ တစ်ပတ်ကြာသွားရောက်လေ့လာလည်ပတ်ခွင့်ရခဲ့ရာ တူရကီလူငယ်လူရွယ်များ၊ အမျိုးသမီး၊ အမျိုးသားအားလုံးမှာ တက်ကြွပြီး သွားလာလုပ်ကိုင်ဆောင်ရွက်နေကြသည်ကို တွေ့ရသည်။ ဥရောပသို့ ၀င်ခွင့်ရချင်နေသော်လည်း သူတို့အင်္ဂလိပ်စာက အားနည်းနေသေးသည်။ အင်္ဂလိပ်စကားကို တော်တော်များများ မပြောနိုင်ကြ။ ပြောနိုင်တော့လည်း ၆ တန်း၊ ၇ တန်းကလေးငယ်များက ကောင်းမွန်သွက်လက်စွာ ပြောနိုင်ကြသည်။ ပြောနိုင်ကြသူကျောင်းသားငယ်များမှာ အစ္စတန်ဘူလ်မြို့မှဖြစ်သည်။

တူရကီတစ်ပတ်ခရီးစဉ်တွင် လူဦးရေ ၁၇ သန်းကျော်ရှိသော အစ္စတန်ဘူလ်မြို့ကြီး၌ကျင်းပသည့် တူရကီနှင့်အာရှ ပစိဖိတ်ဒေသမှ စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံဆွေးနွေးကြသော စီးပွားရေးတံတားသို့ တက်ရသည်။ သတင်းယူရသည်။ နှစ်ရက်ကြာပြီးနောက် နိုင်ငံအရှေ့ဘက်(အာရှဘက်ခြမ်း)က အာဇရွန်ဆိုသောမြို့လေးကို သွားရောက်ခဲ့ကြသည်။ လူဦးရေလေးသိန်းခန့်နေထိုင်သောမြို့လေးမှာ တစ်နှစ်တွင် ခြောက်လကြာ ရေခဲပြင်စကိတ်စီး၊ နှင်းလျောစီးနိုင်သော အပန်းဖြေမြို့လေးဖြစ်သည်။

တူရကီအလံ၊ အနီရောင်များများ တွေ့ရ၍ အားရှိသည်ဟု ထင်မိသည်

မြို့ကြီးနှင့် မြို့ငယ်လေး ခြားနားမှု ဆို၍ လူဦးရေ သိပ်သည်းခြင်းနှင့် ကျဲပါးခြင်း၊ လေကောင်း လေသန့် ပိုကောင်းစွာရခြင်း၊ မရခြင်းလောက်သာ ကွာသည်။ အခြေခံ အဆောက်အဦများ ဖြစ်သော လမ်း၊ တံတား၊ ကား၊ တယ်လီဖုန်း၊ အင်တာနက်၊ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှု ဘာမှမကွာခြား သည်ကို တွေ့ရသည်။

တူရကီသားတို့ ကြိုးပမ်းမှုသည် ခုနစ်နှစ်၊ ရှစ်နှစ်အတွင်း အရာထင်ခဲ့ခြင်း ဖြစ်သည်။ တကယ်လုပ်လျှင် အဟုတ်ဖြစ်ရ မည်ဆိုသည်ကို အရှိန်အဟုန် ကောင်းစွာဖွံ့ဖြိုး တိုးတက်လာ နေသော တူရကီက သက်သေခံလျက် ရှိသည်။

သမိုင်းကိုလျောက်စမ်းခြင်း
၁၉၂၃အောက်တိုဘာ၂၉တွင် ခေတ်သစ်တူရကီသမ္မတနိုင်ငံကို စစ်တပ်ခေါင်းဆောင် မူစတာဖာအတာတက်ခ်က တည်ထောင်ခဲ့ပြီး ပထမဆုံးသမ္မတလုပ်သည်။ သူရှေ့တွင် ရှည်လျားသောတူရကီသမိုင်းရှိသည်။

သမိုင်းကိုပြန်လှန်လျင် အာရှ-ဥရောပ၏အရေးပါသော မဟာဗျူဟာနေရာ (အာရှမိုင်းနား သို့မဟုတ် အနာတိုလီယာ ကျွန်းစုဟုခေါ်သည်)ကို ပိုင်ဆိုင်ထားသည့် တူရကီကို အင်ပါယာတော်တော်များများက သိမ်းပိုက်ခဲ့သည်။ အလွန် ဝေးသောသမိုင်းကိုထားပြီး ဘီစီ(ခရစ်မပေါ်မီကာလ)မှစလျှင် တောင် ပါရှန်းအင်ပါယာ၊ အလက်စန္ဒားဘုရင်၏ ဂရိအင်ပါယာ၊ ရောမအင်ပါယာ၊ အော်တိုမန်အင်ပါယာစသည်ဖြင့် အသီးသီးရှိခဲ့သည်။

အော်တိုမန်ခေတ်မှာ အလွန်ထွန်းကားခဲ့ပြီး အရှေ့နှင့် အနောက်ယဉ်ကျေးမှုများ ပေါင်းစုံစည်းခဲ့သည်။ အထူးသဖြင့် ၁၆နှင့် ၁၇ ရာစုများတွင် ထွန်းကားခဲ့သည်။ အော်တိုမန်ခေတ်၊ ဘိုင်ဇန်တီးယန်းခေတ်နှင့် ရှေးဟောင်းခေတ်များမှ ရှေး ဟောင်းအဆောက်အဦများ၊ ခံတပ်များ၊ ဗလီများ၊ ၀တ်ပြုရန် နေရာကြီးများကို ယနေ့တိုင်ပြုစုစောင့် ရှောက်ထိန်းသိမ်းထားသည်ကို တွေ့ရသည်။

အော်တိုမန်ဘုရင်များက ပထမကမ္ဘာစစ်ဖြစ်သောအခါ ဂျာမန်နှင့်ပေါင်းပြီး တိုက်ကြသည်။ လုံးဝရှုံးခဲ့သဖြင့် မျိုးချစ် တော်လှန်ရေးလှုပ်ရှားမှုပေါ်ပြီး ၆၂၃ နှစ်ကြာ အော်တိုမန်ဘုရင်ခေတ်အဆုံးသတ်ခဲ့သည်။ ယနေ့ခေတ်သစ်နိုင်ငံတော် ပေါ်ထွန်းခဲ့သည်။

မြန်မာနှင့် ဘာဆိုင်သလဲ

တကယ်တော့ တူရကီနှင့်မြန်မာက မိုင်ပေါင်း ၅ç၀၀၀ခန့် ဝေးသည်။ ဒီတော့ဘာဆိုင်လဲဟုမေး၍ရသည်။ သို့သော် ကမ္ဘာလုံးဆိုင်ရာလွှမ်းခြုံမှုခေတ် Globalization တွင်တော့ ထိုသိုYမေးသူက ခေတ်နောက်ကျပြီ။ မိုင်ထောင်ချီဝေးသော်လည်း ဆက်ဆံတတ်က ရသည်။

မေ ၂-၃ ကတိုက်ခတ်ခဲ့သော နာဂစ်ဆိုင်ကလုန်းကြောင့် မြန်မာနိုင်ငံအောက်ပိုင်းပျက်စီးဆုံးရှုံးမှုကို တူရကီအစိုးရက စာနာပြီး၊ အမေရိကန်ဒေါ်လာတစ်သန်း ပေးလှူသည်။ တူရကီကိုယ်တိုင်လည်း မကြာသေးမီကပင် ငလျင်ဒဏ်ကို ခံစားခဲ့ဖူးသဖြင့် ကိုယ်ချင်းစာသည်ဟု တူရကီတို့က ဆိုကြသည်။

တူရကီကြက်ခြေနီအသင်းကလည်း ထောက်ပံ့ကူညီ လှူဒါန်းမှုများကိုပြုခဲ့သည်။ တူရကီနိုင်ငံအခြေစိုက် လူသားချင်းစာနာမှုအကူအညီပေးရေးအစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုကလည်း လေဘေးသင့်ဒေသတွင် လူနေ အိမ်များနှင့်ကျောင်းများဆောက်လုပ်ရန် စီစဉ်နေကြသည်။ မွတ်စလင်တို့ဥပုသ်ကာလ(ရာမဒန်)တွင် အလှူငွေများများရ အောင်ကောက်ခံပြီး၊ မိုးလေကင်းသည့် အောက်တိုဘာတွင် သူတို့လာရောက်မည်ဟု အဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

အာရှပစိဖိတ်နှင့် တူရကီစီးပွားရေးလုပ်ငန်းရှင်များ တံတားထိုးစီးပွားရေးတိုးမြှင့်သည့်ပွဲကို မြန်မာက မနှစ်က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၀န်ကြီး ဦးဆောင်တက်သည်။ ယခုနှစ်တော့ နာဂစ်ကြောင့် ၀န်ကြီးဦးဆောင် သောအဖွဲ့ မတက်နိုင်သော်လည်း မြန်မာအဖွဲ့က ဒုတိယနှစ်အဖြစ် ဆက်လက်တက်ရောက်သည်။ အီဂျစ်အခြေစိုက် မြန်မာသံအမတ်ကြီးဦးစိုးမြင့်တက်ရောက်မိန့်ခွန်းပြောပြီး၊ နာဂစ်အတွက် တူရကီကူညီမှုကို ကျေးဇူးတင်ကြောင်း ပြောခဲ့သည်။

စီးပွားရေးတံတားထိုးခြင်းဖြစ်သော်လည်း ရင်းနှီးမှုပထမ၊ ရင်းနှီးစွာဆက်ဆံရေးဒုတိယနှင့် ကုန်သွယ်ရေးကို တတိယ အဆင့်မှာသာထားကြောင်း တူရကီနိုင်ငံခြားကုန်သွယ်ရေးဝန်ကြီးအပါအ၀င် တူရကီဘက်ခြမ်းမှ တာဝန်ရှိသူအများစုက ပြောသည်။ ထိုကြောင့် မြန်မာအပါအ၀င် အာရှပစိဖိတ်ဒေသမှ စီးပွားရေးလုပ်ငန်းရှင်များကို တူရကီသို့အရခေါ်ရပါသည်ဟုလည်း ၄င်းတို့က ဆိုကြသည်။

နံပါတ် ၁၇ နိုင်ငံ

တူရကီ၏ နာမည်အကြီးဆုံး သတင်းစာတိုက်

တူရကီ ကဇာတ်တစ်ခုမှ ရှေးခေတ် သူရဲကောင်းများ

တူရကီနိုင်ငံတွင် စစ်တပ်က အရေးပါနေဆဲဖြစ်ပြီး နိုင်ငံတောင်ပိုင်းတွင် အိမ်နီးချင်းအီရတ်ထဲရှိ ကာ့ဒ်များနှင့် တိုက် ခိုက်မှုများရှိသော်လည်း နိုင်ငံစီးပွားရေးမှာ ဖြည်းဖြည်းမှန်မှန်တိုးတက်နေသည်။ ယခုအခါ အာရှပစိဖိတ်နှင့်ပါ တိုးမြှင့်ကုန် သွယ်လာသဖြင့် ရည်မှန်းချက်ပင် ပိုကြီးမားလာခဲ့သည်။

တူရကီသားတို့ကလည်း ယခုထက်ဝင်ငွေပိုရရန် ပိုမိုချမ်းသာစွာနေထိုင်ခွင့်ရရန် အမြဲကြံဆကြိုးစားနေကြကြောင်း၊ ပို၍ ကောင်းမွန်သော စီးပွားရေးဖော်ဆောင်ရေးကိုသာ အစိုးရထံမှမျော်လင့်ကြကြောင်း တူရကီသားတစ်ဦးက ပြောသည်။ နိုင်ငံသားတို့ စီးပွားရေးလွတ်လပ်စွာဆောင်ရွက်ခွင့်ရသကဲ့သို့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများလည်း တိုးဝင်သည်။ ကမ္ဘာပေါ်တွင် စီးပွားရေးအဖွံ့ဖြိုးဆုံးနိုင်ငံများစာရင်းတွင် နံပါတ် ၁၇ ၌ ရောက်နေသည်။

ဆက်သွယ်ရေးစသည့်နည်းပညာအင်အားကလည်း တဖြည်းဖြည်းတိုးတက်လာနေသည်။ ဖုန်းတစ်လုံးကို ဒေါ်လာ ဆယ်ဂဏန်းနှင့် သုံးစွဲခွင့်ရနေသည်။ လောင်စာဆီတော့ ဈေးကြီးသည်။ တစ်လီတာကို သုံးဒေါ်လာခန့်ဈေးပေါက်ကြောင်းသိရသဖြင့် လန့်သွားသည်။ သို့သော်လမ်းပေါ်မှာ ကားတွေက ဥရောပနှင့် အမေရိကထုတ်ကားသစ်ကြီးများသာ တွေ့ရသည်။ ဂျပန်ကားတွေလည်းရှိသည်။ တူရကီတွင်လည်း ကားထုတ်လုပ်သော စက်ရုံများ၊ ကိုရီးယားမှလာရောက်တပ်ဆင်ထုတ်လုပ်သော ကားစက်ရုံများရှိသည်။

သတင်းစာလွတ်လပ်ခွင့်ရှိသော်လည်း လွတ်လပ်ခွင့်တိုင်းတွင် အတိုင်းအတာ(ဘောင်)တစ်ခုတော့ရှိသည်သာဖြစ်ကြောင်း တူရကီအပါအ၀င်နိုင်ငံပေါင်း ၃၆ နိုင်ငံတွင် ရိုက်နှိပ်ပြီး နေ့စဉ်စောင်ရေ တစ်သန်းနီးပါးထုတ်ဝေနေရသည့် တူရကီထိပ်တန်း ဇမန်းသတင်းစာ၏ နိုင်ငံတကာရေးရာစာတည်းက ပြောခဲ့သည်။

တူရကီမြို့နှစ်မြို့ရှိ နှစ်ပေါင်းထောင်ချီယဉ်ကျေးမှုတည်ရာများသို့ သွားရောက်လေ့လာခြင်းနှင့် တခြားကိုယ်တွေ့များ ပြောပါဦးမည်။

တူရကီနောက်ဆက်တွဲနှင့် ပြောပြချင်တာလေးတွေ

တူရကီ မိန်းမချောလေးများ

တစ်ပတ်ကြာသွားခဲ့ရသော တူရကီအကြောင်းက တို့တိတို့တိနှင့်ပြောပြစရာလေးတွေရှိသော်လည်း ဆောင်းပါးတစ်ပုဒ်တည်းဖြင့် ခြုံငုံသွတ်သွင်းသုံးသပ်ရေးပြဖို့ကျတော့ မလွယ်ပြန်၊ မြန်မာပြည်ကသွားခဲ့သူပီပီ သူတို့အနေအထားကို မြင်ပြီး၊ ကိုယ့်ပြည်ကြီးကိုလည်း ထိုသို့ဖြစ်စေချင်သည့် စေတနာကား ထိပ်ဆုံးတွင်ရှိကြောင်းကို မချွင်းမချန်ဝန်ခံလိုပါသည်။

လွတ်လပ်သော မွတ်စလင်ဒီမိုကရေစီနိုင်ငံ
ကမ္ဘာပေါ်တွင် တစ်နိုင်ငံတည်းသော အစ္စလာမ်ဘာသာရေးကို အားမပြုသည့်ဒီမိုကရက်တစ်မွတ်စလင်နိုင်ငံဖြစ်ပြီး၊ ၁၉၂၃ ပထမကမ္ဘာစစ်အပြီး အော်တိုမန်အင်ပါယာအကျတွင် ခေါင်းဆောင်မွတ်စတာဖာကာမဲလ်အတာတက်စ်က တူရကီကို သမ္မတနိုင်ငံအဖြစ်ထူထောင်ခဲ့သည်။

မွတ်စလင်နိုင်ငံများတွင် အမျိုးသမီးတိုင်းကို ဘာသာရေးအရ ခေါင်းမြီးခြုံ၊ ကိုယ်လုံဝတ်ရုံများ ၀တ်စေကြသော်လည်း၊ တူရကီရှိအထက်တန်းကျောင်းများ၊ တက္ကသိုလ်များတွင် ကျောင်းသူများကို ခေါင်းမြီးမခြုံရန် ဥပဒေဖြင့်တားဆီးထားသည်။ ဘာသာရေးကို ဘာသာရေးအဖြစ်ထား၍ နိုင်ငံရေးနှင့် မရောထားသဖြင့် နိုင်ငံရေးတွင်ဘာသာရေးဆရာများ ၀င်ရောက်ခြယ်လှယ်ခွင့်မရှိတော့ဘဲ ဘာသာရေးအစွန်းရောက်မှုကို တားဆီးထားသကဲ့သို့ဖြစ်သွားသည်။

အယ်ဒီတာတို့ရောက်ခဲ့သည့်လေဆိပ်များ၊ ဈေးဝယ်စင်တာများ၊ မြို့လယ်နေရာများနှင့် သတင်းစာတိုက်တို့တွင်တော့ ခေါင်းမြီးခြုံထားသည့် တူရကီမမများကို တွေ့ခဲ့ရသည်။ မိမိစိတ်တိုင်းကျဝတ်ချင်လည်းဝတ်၍ရကြောင်း ခွင့်ပြုထားခြင်းဖြစ်သည်။

တူရကီတွင် ၈ နှစ်နီးပါး ပညာသင်ကြားနေသည့် ဆေးပညာမဟာတန်းတက် မြန်မာမွတ်စလင်ဆရာဝန်ကျောင်းသား တစ်ဦးကတော့ ခေါင်းမြီးခြုံမိန်းကလေးတိုင်း ဘာသာရေးကိုင်းရှိုင်း ယဉ်ကျေးသိပ်သည်းသူမဟုတ်သလို ခေါင်းမြီးခြုံမိန်းကလေးမဟုတ်တိုင်းလည်း ခေတ်သစ်ကမ္ဘာတွင် ထင်တိုင်းကြဲနေထိုင်တတ်သူဟု တစ်ဖက်သတ်ယိုးစွပ်၍ မရကြောင်း၊ တူရကီလှပျိုဖြူများက သူတို့စိတ်ထဲရှိသည့်အတိုင်း လွတ်လပ်စွာပြုမူနေထိုင်ကြခြင်းသာဖြစ်ကြောင်း၊ ၄င်း၏အမြင်နှင့်ထင်မြင်ချက်ကို ပြောပြသည်။ အယ်ဒီတာတို့ တူရကီတွင် ရှားရှားပါးပါးတွေ့ခွင့်ရခဲ့သည့် မြန်မာကျောင်းသားနှစ်ဦးအနက်မှတစ်ဦးဖြစ်သည်။

ကိုယ့်တိုင်းပြည်နာမည်နဲ့ မုန့်ကိုတွေ့တယ်
အွန်လိုင်းမှဗီဇာလျှောက်ခဲ့ပြီး၊ အစ္စတန်ဘူလ်လေဆိပ်အ၀င် ဗီဇာတုံးအလွယ်တကူရခဲ့သော်လည်း အ၀င်တွင်တော့ အနည်းငယ်ကသိကအောက်ဖြစ်ခဲ့ရသည်။ အကြောင်းမှာ နိုင်ငံတွင်းဝင်ခွင့်ပြု၊ ၀င်နေကျဧည့်သည်နိုင်ငံစာရင်းတွင် မြန်မာကို ရှာမရသောကြောင့်ဖြစ်သည်။ အယ်ဒီတာတို့နိုင်ငံတွင် လူဝင်မှုကြီးကြပ်ရေးက ကိုင်သောအလုပ်ကို တူရကီတွင် ရဲကဆောင်ရွက်သည်။

ပြည်ပဆိုင်ရာ စီးပွားရေး ၀န်ကြီး

တူရကီရဲက အယ်ဒီတာကိုကြည့်လိုက်၊ စာအုပ်အနီလေး ကြည့်လိုက်၊ သူ့လက်ထဲက ဧည့်ဝင်နိုင်ငံစာရင်းစာရွက် ကြည့်လိုက် သုံးခါလောက်လုပ်အပြီးတွင် သူ့အထက်အရာရှိကို ဖုန်းဆက်ခေါ်တော့သည်။ အယ်ဒီတာနောက်တွင် တန်းစီနေသူများကလည်း စိတ်မရှည်တော့၊ ရှေ့ကကောင်တော့ ဘာမှားနေပြီလဲမသိ၊ အကြမ်းဖက်သမားတော့ မဖြစ်လောက်ပါဟု တွေးနေကြမည်သာ။

အယ်ဒီတာကို ၀င်ခွင့်တုံးထုပေးရမည့် အခန်းလေးတွင်းက ရဲ၏နောက်ရောက်လာသော ရဲဆရာကြီးလည်း သူ့တပည့်အတိုင်း သုံးခါလောက်ရှာပြန်သည်။ မတွေ့။ သည်နိုင်ငံနှင့် သည်နာမည်ကို မကြာမီကာလ အဖြစ်အပျက်များနှင့်ပတ်သက်ပြီး ကမ္ဘာက ရင်းနှီးခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် သိတော့ သိနေသည်။ သို့သော် တူရကီသို့ လာလည်နေကြ၊ စီးပွားရေးလာလုပ်နေကြ ဧည့်သည်မြန်မာက မရှိသောကြောင့် ၀င်ခွင့်ပြု၊ ၀င်နေကျ ဧည့်နိုင်ငံစာရင်းတွင် မထည့်ရသေး(အခုဆိုရင်တော့ အယ်ဒီတာကြောင့် ထည့်ပြီးလောက်ပါပြီ)။

နောက်ဆုံးတော့ ဆရာရဲနှင့်တပည့်ရဲ သုံးနေရာကို သုံးခါစီကြည့်အပြီးတွင် အယ်ဒီတာနောက်က တန်းစီနေသူများကို အားနာ၍လော၊ အယ်ဒီတာကို ခင်လွန်း၍လော၊ ဘာကြောင့်မှန်းမသိဘဲ သူတို့နှစ်ဦးညှိနှိုင်းတိုင်ပင်ဆုံးဖြတ်ကာ ခပ်တည်တည်နှင့်ပင် ၀င်ခွင့်တုံးထုကာ ၀င်ခွင့်ပြုလိုက်တော့သည်။

ထိုသို့သိနေသော်လည်း တာဝန်အရ တိုက်ဆိုင်စစ်ဆေး ကြည့်ရှုရမည့် စာရွက်စာရင်းတွင် မပါသေးသော မြန်မာ (ယခင်အမည် BURMA) မှာ သူတို့နိုင်ငံတူရကီတွင် အချိုမုန့်တစ်မျိုးဖြစ်နေကြောင်းကိုလည်း အယ်ဒီတာတို့ အံ့သြကြည်နူးစွာ တွေ့ခဲ့ရသည်။ မြန်မာနိုင်ငံတွင် အင်္ဂလိပ်စာ လာသင်နေသော တူရကီကျောင်းဆရာက သူ့မိဘဆွေမျိုးများအား မြန်မာတွင်အလုပ်လုပ်ကြောင်းပြောသောအခါ မင့်ဟာက မုန့်နာမည်ကြီးပဲဟုပြောကြောင်း သူကပြန်ပြောပြသည်။

တူရကီတော်တော်များများက မြန်မာကို ဘယ်နားရှိမှန်း မသိကြသည့်အတွက် တရုတ်သိလား(အင်း)၊ အိန္ဒိယသိလား(အင်း)၊ အဲဒီအလယ်က နိုင်ငံကွဟု လည်းကောင်း၊ ဘန်ကောက်သိလား(အင်း) အဲဒီဘေးက နိုင်ငံကွဟု ပြောရသည်။ မြေပုံဆွဲပြရသည်။ ရေးတေးတေးမြင်ယောင်သလိုလို သဘောပေါက်သွားသလိုလို ဟန်ဆောင်ကြသော်လည်း တကယ်မသိကြသေးမှန်း အယ်ဒီတာရိပ်စားမိသည်။

လေယာဉ်ပေါ်မှာ ကိုယ့်ကို ကိုကာကိုလာ တိုက်သွားသူ

စီအင်န်အင်န်ကြည့်သူ၊ ဘီဘီစီကြည့်သူ တူရကီနိုင်ငံရေးသမားနှင့် စီးပွားရေးသမားများကတော့ မြန်မာကိုချက်ချင်းသိကြပြီး နာဂစ်အတွက် စိတ်မကောင်းကြောင်း၊ စာနာမိကြောင်း၊ ၀မ်းနည်းကြောင်း ပြောကြဆိုကြ၊ ၀မ်းနည်းကြသည်။ သူတို့၏မိတ်ဆွေရင်း ပုံစံအပြုအမူများကြောင့် အယ်ဒီတာတို့မှာ ၀မ်းမြောက်ကြည်နူးကြရသည်။

တို့တိတို့တိမြင်တွေ့မိသည်များ
အယ်ဒီတာတို့ ရန်ကုန်မှမထွက်ခင်ကတည်းက လက်ကိုင်ဖုန်းယူခဲ့ရန် ခေါ်သည့်အဖွဲ့ခေါင်းဆောင်က မှာသည်။ ရန်ကုန်တွင် လက်ကိုင်ဖုန်းမကိုင်ရသောအယ်ဒီတာက အယ်ဒီတာချုပ်ထံမှ လက်ကိုင်ဖုန်းအခွံတစ်ခု ငှားသွားရသည်။ လက်ကိုင် ဖုန်းခွံသာ ယူသွားရသည်။ လက်ကိုင်ဖုန်းကို သေချာမသုံးတတ်၊ ကိစ္စမရှိယူဆိုယူသွားရုံ၊ ဟိုရောက်မှမီးစင်ကြည့်ကမည်၊ မြန်မာအယ်ဒီတာပေပဲ၊ အကုန်အဆင်ပြေအောင်လုပ်တတ်သည်။

အဖွဲ့ခေါင်းဆောင် ဆရာသမားက တယ်လီဖုန်းဘက်ထရီ အားသွင်းရန်၊ လက်ဆွဲကွန်ပျူတာသုံးရန် မီးပလပ်ပေါက်ထဲ ပင်ထိုးရန် တူးပင်၊ ပင်လုံးယူခဲ့ပါ၊ မြန်မာက ပင်ပြားအသုံးများသဖြင့် ပင်ပြားပင်လုံးပြောင်းဆော့ကတ်တစ်ခုယူခဲ့ပါဟု အသေအချာမှာကြားသည်။ စေ့စပ်သေချာပုံများ၊ ဒါတောင် တကယ်တမ်းကျတော့ အဲသည့်ပလပ်ပေါက်တွေက နံရံမှအတွင်းဘက် တစ်လက်မခွဲလောက်မှာရှိနေသဖြင့် ဒီကယူသွားသည့်ဆော့ကတ်မှာ သုံးမရဖြစ်နေခဲ့သေးသည်။ တစ်လက်မခွဲ ကျွင်းအတွင်းထဲဝင်နိုင်အောင် ဆော့ကတ်သေးသေးပြားပြားမှ ရမည်ဖြစ်သည်။ သူသိသွားတော့လည်း အဆင်ပြေအောင် ရှာပေးခဲ့ပါသည်။

အမေ့အတွက် ဖိနပ်ဝယ်သော ဆိုင်မှ ကောင်မလေးနှင့်

လက်ကိုင်ဖုန်းယူခဲ့ဆိုတော့ ယူသွားခဲ့သည်။ တူရကီအ၀င် အစ္စတန်ဘူလ်လေဆိပ်ရောက်သည်နှင့် လေဆိပ်ရှိဖုန်းဆိုင်တွင် ဖုန်းကတ်ဝယ်သည်။ အယ်ဒီတာတို့ဆီမှ ဖုန်းအသီးသီး တောင်းပြီး ကတ်ထည့်လိုက်သည်။ ကဲ..ရပြီဆက်တော့၊ ဒီမှာပဲဆက်ဆက်၊ ရန်ကုန်ပဲဆက်ဆက် ဆက်ချင်ရာဆက်တော့ဟု ပြောသည်။ ရန်ကုန်တွင် လက်ကိုင်ဖုန်းမကိုင်ဖူးသည့် အယ်ဒီတာမှာ ချက်ချင်းလက်ငင်း ဖုန်းခွံမှ နိုင်ငံတကာဆက်သွယ်၍ရသောဖုန်းအဖြစ် ပြောင်းလဲသွားသောဖုန်းကို အူကြောင်ကြောင်ကြည့်ရင်း ဟ..ဒီလောက်လွယ်လှချည်လား ဖြစ်သွားသည်။ ငါတို့ဆီကျတော့ ဘာကြောင့်များ ခက်နေလိုက်တာလဲဟု မချင့်မရဲဖြစ်ခဲ့ရသည်။ သို့နှင့် နောက်တစ်ပတ်လုံးလုံး လက်ကိုင်ဖုန်းတကိုင်ကိုင်၊ ဟန်ရေးတပြပြနှင့် တောက်ကြွားနေသော မြန်မာအယ်ဒီတာကို တူရကီများ မြင်တွေ့ခဲ့ကြရသည်။ အယ်ဒီတာ၏နဂိုရုပ်ခံမှာ ဆက်သွယ်၍ရသော လက်ကိုင်ဖုန်းကြောင့် တစ်ရည်တက်သွားသည်ဟု ကိုယ့်ကိုယ်ကိုယ်ဇွတ်ကြီးထင်မြင်မိတော့သည်။

လေ့လာရေးကျောင်းသူလေးများ
အယ်ဒီတာတို့ တူရကီမြို့ကြီး အစ္စတန်ဘူလ်တွင် ၄ ရက်၊ တူရကီအရှေ့ဘက်စွန်း အာဇရွန်မြို့လေးတွင် ၃ ရက်နေခဲ့ရာ အာဇရွန်တွင်ရှိခိုက် သမိုင်းဝင်နေရာများကို လေ့လာရေးသွားရာ၌လည်းကောင်း၊ ဈေးသွားရာ၌လည်းကောင်း ယင်းမြို့လေးတွင် လေ့လာရေးလာသော အထက်တန်းကျောင်းသူလေးများနှင့် တွေ့ရသည်။ မြန်မာမျက်စိနှင့် ချောချောလှလှလေးတွေချည်းဖြစ်သည်။ ပိန်တာ၊ ၀တာ၊ ပုတာ၊ ရှည်တာသာ ကွာမည်။ ဆံပင်၊ မျက်လုံး၊ မျက်ခုံး၊ နှာတံ၊ နှုတ်ခမ်း၊ ကိုယ်လုံးလှလှ၊ အ၀တ်အစားစမတ်ကျကျနှင့် သွက်သွက်လက်လက်လေးတွေချည်းဖြစ်သည်။

တူရကီက လန်းတဲ့ကြော်ငြာ

တူရကီယောက်ျားလေးများကလည်း ထိုသို့ပင်ဖြစ်သဖြင့် ယောက်ျားလေးများရော၊ မိန်းကလေးတွေပါ ကြည့်ကောင်းကြသည်။ တစ်ခုဆိုးသည်က နိုင်ငံက တဖြည်းဖြည်းပြည့်စုံလာ၊ အစားအသောက်တွေက ကောင်းကောင်းနှင့် အားရပါးရ စားကြသောက်ကြသဖြင့် လူလတ်ပိုင်းနှင့်လူကြီးပိုင်းတို့တွင် ဗိုက်ပူ၊ ဖင်ကြီး ၀တုတ်ကြီးတွေဖြစ်လာကြသည်။ ကျန်းမာရေး ကောင်းကြသော်လည်း ၀သူတွေများလာကြသည်။

အယ်ဒီတာတို့က အသားညိုညို (တကယ်တော့ မည်းသည့်ဘက်များသည်) အရပ်မြင့်မြင့်၊ ပိန်ပိန်ချပ်ချပ်ဖြစ်သဖြင့် ကျောင်းသူလေးများက ကြည့်ကြည့်ပြီး သဘောကျနေပုံရသည်။ အယ်ဒီတာတို့က သူတို့ချောသဖြင့် ကြည့်သည်။ သူတို့က ကိုယ့်ကိုသဘောကျသဖြင့် ကြည့်သည်။

အယ်ဒီတာတို့ကို လိုက်လံပြသရှင်းလင်းသော အဖွဲ့ခေါင်းဆောင်တူရကီကမူ ”သူတို့ ခင်ဗျားတို့ကိုကြည့်တာ၊ ကြိုက်တာ ခင်ဗျားတို့ ချောလွန်း လှလွန်း မိုက်လွန်းလို့တော့ မထင်လေနဲ့ဗျ။ အမြင်ကွဲမှု(Difference)ကို သဘောကျလို့ကြည့်တာ”ဟု မှတ်ချက်ပြုဝေဖန်သဖြင့် အယ်ဒီတာတို့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးသွေးနားထင်ရောက်သွားသောစိတ်မှာ သုညမှတ်သို့ ရုတ်ချည်းပြန်ကျသွားတော့သည်။

မြန်မာပီပီ အယ်ဒီတာမှာ မချိသွားဖြဲပြုံးရယ်ပြရင်း ”သိပါတယ်ဗျာ၊ ကိုယ်ချော မချောကိုယ်သိပါတယ်၊ ကျွန်တော်တို့ကလည်း ခင်လို့ဥစ္စာ”ဟု ပြောလိုက်ရပါတော့သည်။

ကောင်မလေးတွေချောသဖြင့် ရုံးက လုပ်ဖော်ကိုင်ဖက်များကိုပြရန် ဓာတ်ပုံရိုက်ခွင့်တောင်းပြီးရိုက်တော့ သူတို့ကလည်း ပြန်ရိုက်ကြသည်။ တစ်ဆင့်တက်ပြီးအတူတူတွဲရိုက်ကြသည်။ ခဏတာတော့ ပျော်စရာကောင်းခဲ့သည်။ အမှတ်ရနေရင်တော့ လွမ်းနေရမည်သာ။

လွမ်းနေဦးမည် တူရကီ

လူတစ်ယောက်၊ နေရာတစ်နေရာ၊ ခံစားမှုတစ်ခု၊ အရသာတစ်မျိုးစသည်တို့ကို အကြောင်းမဲ့မလွမ်းကြ၊ အကြောင်းရှိ လို့သာလွမ်းကြသည်။ လွမ်းလည်းလွမ်းလောက်ပေသည် တူရကီ …

လွတ်လပ်မှုကိုလွမ်း

နယ်မြို့လေးက မြို့တော်ဝန်ကို အမှတ်တရ လက်ဆောင်ပေး

လွမ်းသည့်အကြောင်းများတွင် ထိပ်ဆုံးကလွမ်းသည်မှာ လွတ်လပ်မှုကို လွမ်းခြင်းဖြစ်သည်။ လွတ်လပ်မှု(သို့) လွတ်လပ်သည် ဆိုသောကြောင့် တူရကီတွင် လုံခြုံရေးမရှိဘူးလား၊ လက်လွတ်စပယ်လုပ်ချင်ရာ လုပ်လို့ရသလား။ အဲဒီလိုတော့မဟုတ်။ လေဆိပ်အထွက်များတွင် လုံခြုံရေးတင်းကျပ်တာများ အမေရိကနှင့်မခြား၊ ကုတ်အင်္ကျီ၊ လက်ပတ်နာရီ၊ ပိုက်ဆံအိတ်၊ ဘောလ်ပင်၊ ခါးပတ်၊ ဖိနပ်၊ လက်ဆွဲကွန် ပျူတာအကုန်ချွတ်ရ ပြရ စမ်းသပ်ခံကြရသည်။ (ရန်ကုန်နှင့် ဘန်ကောက်လေဆိပ်က သည်လောက်မတင်းကျပ်)

စာရေးသူပြောသည့် လွတ်လပ်မှုဆိုသည်မှာ လူတစ်ဦးချင်းစီက လာသည်။ တူရကီလူတိုင်းတွင် လွတ်လပ်မှုအရသာ ရှိနေသည်ဟု စာရေးသူခံစားနေရသည်။ လေဆိပ်မှစ၍ တွေ့ခဲ့ရသော ရဲဝန်ထမ်း၊ တက္ကစီဆရာ၊ ဟိုတယ်ဝန်ထမ်း စသည်တို့မှ စီးပွားရေးလုပ်ငန်းရှင်များ၊ စီးပွားရေးအဖွဲ့အစည်းကြီးဥက္ကဋ္ဌနှင့် ၀န်ကြီးအဆုံးစသူမှာ လွတ်လပ်ပေါ့ပါးနေကြသည်။ သူတို့ရည်မှန်းရာအလုပ်များကို စိတ်ဖိစီးမှုကင်းကင်း၊ အနှောင့်အယှက်ကင်းကင်းနှင့် လုပ်ဆောင်နေကြသည်။

နိုင်ငံ့တာဝန်ဝိုင်းဝန်းထမ်း

ဖိနပ်ဆိုင်မှာ အက်တင်ပေး ဓာတ်ပုံရိုက်ခဲ့တာပါ

တူရကီနှင့်အာရှပစိဖိတ်ဒေသမှ စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲ၊ နိုင်ငံခြားကုန်သွယ်ရေးတိုးမြှင့်ပွဲ Turkey-Asia Pacific Foreign Trade Bridge ကို တူရကီကုန် သည်များနှင့် စက်မှုလုပ်ငန်းရှင်များအဖွဲ့Turkish Confederation of Businessmen and Industrialists (TUSKON) က ဦးစီးကျင်းပသော်လည်း နိုင်ငံသား တော်တော်များများက ၀ိုင်းဝန်းတာဝန်ထမ်းနေသည်ကို တွေ့ရသည်။ ဒါသည်ပင် နိုင်ငံသားတို့အနေနှင့် ထမ်းဆောင်ရမည့်တာဝန်ကို ပျော်ရွှင်ကျေပွန်စွာ ထမ်းရွက်ကြခြင်းဖြစ်သည်။

နိုင်ငံသားများ၏အစိုးရအပေါ်ယုံကြည်မှုနှင့် အစိုးရဦးဆောင်မှုကိုထောက်ခံခြင်းနှင့်အတူ တူရကီစီးပွားရေးတိုး တက်ဖွံ့ဖြိုးရေးကို ၄င်းတို့တစ်တပ်တစ်အားပါဝင် ဆောင်ရွက်ကြခြင်းဟု ယုံကြည်နေကြသည်။ ထိုသို့ဆောင်ရွက်ခြင်းအတွက် ချက်ချင်းလက်ငင်းအကျိုးရလဒ်တစ်ခုခုရရှိမည်မဟုတ်သည်ကိုသိကြသော်လည်း နိုင်ငံသားတစ်ဦးချင်း ခံယူချက်အရ၊ တာဝန်အရ သူတို့ထမ်းဆောင်ကြခြင်းဖြစ်သည်။

တူရကီနိုင်ငံခြားကုန်သွယ်ရေးတိုးမြှင့်သည့်ပွဲကို အာရှ-ပစိဖိတ်ဒေသမှ နိုင်ငံပေါင်း ၂၁ နိုင်ငံပါဝင်တက်ရောက်သည်။ နိုင်ငံတစ်နိုင်ငံချင်းစီကို TUSKON အောက်ရှိ မြို့နယ် အလိုက်ဖွဲ့စည်းထားသော စီးပွားရေးအဖွဲ့အစည်းတစ်ခုချင်းစီက တာဝန်ယူဧည့်ဝတ်ပြုကြသည်။ သံအမတ်ကြီးအပါအ၀င် မြန်မာအဖွဲ့ကို အစ္စတန်ဘူလ်၊ မန်မရာဘက်ခြမ်းစီးပွားရေးအဖွဲ့အစည်းက ညစာကျွေးသည်။ သတင်းစာဆရာနှစ်ဦးနှင့် စီးပွားရေးသမားတစ်ဦးကို အာဇရွန်မြို့လေးခေါ်၍ ဧည့်ဝတပြုကြသည်။ တာဝန်ကျေကြပါပေသည်။

တူရကီအစ္စတန်ဘူလ်မြို့တွင် လေ့လာစရာနေရာများဖြစ်သော ဇမန်သတင်းစာ၊ အထင်ကရ သမိုင်းဝင်ယဉ်ကျေးမှု အဆောက်အဦများ၊ ဗလီများ၊ နန်းတော်များ၊ ပြတိုက်များ၊ ဈေးကြီးများ၊ ကုန်တိုက်များပို့ပေးသည်။ ဘော့စ်ပါးရက် ရေလက်ကြားလိုက်ပို့သည်။

ဗလီများသို့လိုက်ပို့ရာတွင် စာရေးသူမှာ မွတ်စလင် မဟုတ်သော်လည်း နှစ်ပေါင်းရာချီထောင်ချီယဉ်ကျေးမှု အဆောက်အအုံ၊ ဘာသာရေးအထိမ်းအမှတ်အထင်ကရ နေရာများဖြစ်သောကြောင့် ၀င်ရောက်ကြည့်ရှု၊ မေတ္တာပို့ဆုတောင်း၊ ဓာတ်ပုံရိုက်လေ့လာမှုပြုခဲ့သည်။

မြန်မာနိုင်ငံတွင် ဗလီသို့မရောက်ဖူးဘဲ တူရကီတွင် ကမ္ဘာကျော်အပြာရောင်ဗလီကြီး(ဗလီပြာကြီး) Blue Mosque အပါအ၀င် သမိုင်းဝင်၊ ဘာသာရေးဝင်ဗလီများ ရောက်ခဲ့ဖူးပြီ။

ရောက်လေရာမှာ ဧည့်ခံတိုက်ကျွေးတဲ့ တူရကီ လက်ဖက်ရည်ဝိုင်း

ရောက်ရှိရာ၊ လည်ပတ်ရာနေရာများသို့ လိုက်ပို့သူ၊ ဧည့်ဝတ်ပြုသူအားလုံးက တာဝန်ကျေကြသည်။ နိုင်ငံ့တာဝန်ဝိုင်း ထမ်းကြသည်၊ ဟန်ပြမဟုတ်၊ စိတ်အရင်းခံဖြင့် စိတ်ပါလက်ပါ ဆောင်ရွက်ကြသည်။ ထိုသို့ဆောင်ရွက်နိုင်ရန်လည်း တူရကီတွင် အင်အားရှိနေပြီ။

တရုတ်မပါသည့်ပွဲနှင့် မြန်မာ-တူရကီ
တူရကီ-အာရှပစိဖိတ်စီးပွားရေးမြှင့်တင်ပွဲတွင် တရုတ်ကြီး မပါခဲ့။ ဒါကို ထိုင်းမှသတင်းထောက်က တရုတ်ကြီး ဘာကြောင့် မပါသလဲဟု မေးရာ တူရကီနိုင်ငံခြားကုန်သွယ်ရေးဝန်ကြီးတူစမန်က ”တရုတ်တစ်နိုင်ငံထက်ပိုသောဝါဒ”ကို တူရကီက ကိုင်စွဲသောကြောင့်ဟုပြောသည်။ တူရကီရှိကွန်ပျူတာပစ္စည်းအရောင်းဆိုင်များတွင်တော့ Made in Taiwan များတွေ့ခဲ့ရသည်။

မြန်မာက တရုတ်နှင့်ရင်းသည်။ မြန်မာပြည်ထွက် ရောင်းစရာတော်တော်များများကို တရုတ်က ၀ယ်သည်။ မြန်မာပြည်အတွက် လိုအပ်သောပစ္စည်းတော်တော်များများကို တရုတ်မှ သွင်းသည်။ မြန်မာအတွက် တရုတ်ကြီးရှိနေလျင် တူရကီလိုပါ ဦးမည်လားဟု စာရေးသူတို့ချင်း အလွတ်သဘောဆွေးနွေး ကြည့်ကြသည်။

မြန်မာတို့ ငြိမ်ငြိမ်အေးအေးလေးနေလျင်တော့ ဘာမှမဖြစ်၊ သို့ပေမယ့် ဂလိုဘယ်လိုက်ဇေးရှင်းတွင် ငြိမ်ငြိမ်အေး အေးနေလို့မရတော့၊ တူရကီတောင်အငြိမ်မနေရဲ၍ အာဖရိက ကိုကျော်၊ အာရှကိုဖြတ်၊ အရှေ့ဘက်စွန်းသြစတြေးလျ၊ နယူးဇီ လန်အထိ စီးပွားရေးနယ်ပယ်သစ်ချဲ့ရန် ကြိုးစားလာပြီ။ တရုတ်ကြီးနှင့်အဆင်ပြေရုံသာမကဘဲ ကျန်နိုင်ငံများအားလုံးနှင့် စီးပွားရေးရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုများ ယခုထက် တိုးမြှင့်နိုင်ရန် ကြိုးစားရမည်ဖြစ်သည်။

မြန်မာအခွင့်အလမ်းရှာဖွေမှု

နာဂစ်ကြောင့် တူရကီသွားသည့်မြန်မာစီးပွားရေးအဖွဲ့ဝင် အင်အားလျော့သွားသည်။ မြန်မာစီးပွားရေးလုပ်ငန်းရှင်နှစ်ဦးသာ ယခုနှစ်တူရကီဆွေးနွေးပွဲသို့ တက်နိုင်ခဲ့သည်။ သိပ်ကြီး အဆင်ပြေလှသည်တော့မဟုတ်။ အနာဂတ်မျှော်လင့်ချက်လေးများဖြင့်သာ လုပ်နိုင်ခဲ့ကြောင်း စီးပွားရေးသမားတစ်ဦးက ပြောသည်။

ပိုးလမ်းမပေါ်က တူရကီခံတပ်ဟောင်းကြီးတစ်ခု

ကျန်တစ်ဦးကတော့ မြန်မာ-တူရကီတိုက်ရိုက်ကုန်သွယ်မှု၊ ချိတ်ဆက်မှုထက် တူရကီနှင့်ဒေသတွင်းကုန်သွယ်မှုကို ဖြန့် ကျက်စဉ်းစားရမည်ဟုဆိုသည်။ သူသည် မြန်မာပြည်အတွကဟုသာ ကွက်ကွက်မစဉ်းစား၊ အာဆီယံနှင့်အာရှကြားပါ တူရကီနှင့်ဘာလုပ်နိုင်မည်လဲ။ ဘယ်အကွက်လွတ်နေသေးလဲ စဉ်းစားကြောင်းပြောသည်။ မြန်မာတို့ကွက်ကွက်ကလေး စဉ်းစားခြင်း၊ အိမ်ကျယ်လုပ်နေခြင်းလောက်နှင့် အလုပ်မဖြစ်ကြောင်း မြန်မာစီးပွားရေးသမားများအား သူ့အပြောက တိုက်တွန်းနေသကဲ့သို့ရှိသည်။ သူ့အပြောအတိုင်း လုပ်ကိုင်ဆောင်ရွက်နေကြသော မြန်မာစီးပွားရေးသမားတချို့ရှိပြီး ဖြစ်သော်လည်း နည်းနေသေးသည်။

လေဆိပ်များဖြတ်သန်းမှုအကြုံအတွေ့

ရန်ကုန်မှ အစ္စတန်ဘူလ်-အာဇရွန်အထိ လေဆိပ်ပေါင်းလေးခုကို သွားပြန်ဖြတ်သန်းကြုံတွေ့ခဲ့ရသည်။ သူ့လေဆိပ်နှင့် သူ၊ သူ့အထာနှင့်သူရှိသည်ချည်း၊ ကောင်းသည်ချည်းဖြစ်သည်။

တူရကီဗီဇာကို အွန်လိုင်းမှရယူထားသဖြင့် ရန်ကုန်လေဆိပ်မှအထွက်တွင် လူဝင်မှုကြီးကြပ်ရေးအရာရှိက မြန်မာနိုင်ငံသားတစ်ဦး ပတ်စ်ပို့တွင် ဗီဇာတုံးမပါဘဲ နိုင်ငံခြားထွက်သွားသည့်အတွက် စိုးရိမ်ကြောင်းပြောသေးသည်။ စေတနာနှင့်ပြောကြောင်း ပေါ်လွင်သဖြင့် ကျေးဇူးတင်ရသည်။

ရန်ကုန်လေဆိပ်မှ ထိုင်းအဲဝေးကောင်တာစာရေးမ(မမ) ကတော့ အပေါက်ဆိုးသည်။ လေယာဉ်ပေါ်တက်လက်မှတ် (Boarding Pass)အတွက် စာရေးသူတို့က အီလက်ထရောနစ်လက်မှတ်(e-ticket)ကို ပုံနှိပ်(print out)ထုတ်ထား သောစာရွက်)ပြသည်ကိုပင် မိတ္တူတစ်ရွက်ထားခဲ့ရန် တောင်းနေသေးသဖြင့် တော်တော်လေးအခက်တွေ့စိတ်ရှုပ်ကြရသည်။ အတင်းအကြပ်ကြီးတောင်းသဖြင့် ပြေးရလွှားရနှင့် ခရီးအစမှာပင် စိတ်ကသိကအောက်ဖြစ်ကြရသည်။

ဗလီပြာကြီးဟု ကမ္ဘာကျော်သော အစ္စတန်ဘူလ် အထိမ်းအမှတ်

အပြန်ခရီးတွင် ဘန်ကောက်လေဆိပ်၌ အီလက်ထရောနစ်လက်မှတ်ဖြစ်သဖြင့် လေယာဉ်ပေါ်တက်လက်မှတ်(Boarding Pass)တောင်းရာ ပတ်စ်ပို့ပြရုံနှင့် အဆင်ပြေခဲ့သည်။ ထိုင်းအဲဝေးချင်းအတူတူ ရန်ကုန်နှင့်ဘန်ကောက်တွင်ပင် ၀န်ဆောင်မှုက ကွာနေတော့သည်။

အွန်လိုင်းဗီဇာယူထားသဖြင့် အစ္စတန်ဘူလ်လေဆိပ်တွင် ငါးမိနစ်ခန့်စောင့်ပြီး ပတ်စ်ပို့တွင် ဗီဇာတုံးထုပေးလိုက်သည်။ အာဇရွန်မြို့ငယ်လေးတွင်ကား လေယာဉ်အဆင်းနည်းသဖြင့် အေးအေးဆေးဆေးဖြတ်သန်းခဲ့သည်။ ခရီးတစ်ခု၏အစ၊ အလယ်၊ အဆုံးသုံးပိုင်းစလုံး၌ လေဆိပ်ဝန်ဆောင်မှုများကား ခရီးသည်အတွက် အလွန်အရေးကြီးလှပေသည်။

လည်ပတ်ခဲ့ရသော နေရာများ
တူရကီတစ်ပတ်ကြာခရီးတွင် စီးပွားရေးမြို့တော်အစ္စတန်ဘူလ်တွင် လေးရက်၊ အာဇရွန်မြို့လေးတွင် သုံးရက်နေခဲ့ရသည်။ ရောက်သင့်ရောက်ထိုက်သောနေရာများကို အိမ်ရှင်တို့က လိုက်ပို့ပေးခဲ့ကြသည်။ ဧည့်ခံကျွေးမွေးမှုတွေကလည်း တော်ပါတော့၊ စိတ်ဆိုးတယ် ပြောရလောက်အောင် ကျွေးမွေးခဲ့ကြသည်။ အသား၊ ပေါင်မုန့်၊ အချို၊ လက်ဖက်ရည်၊ ဒိန်ချဉ်၊ နို့၊ အသီးအနှံအဆံစသည့်စားကောင်းသောက်ဖွယ် အတော်စားသည့်လူမျိုးဖြစ်သည်။

မိသားစုလိုက် နေ့လည်စာ၊ ညစာထွက်စားကြသည်။ ထိုသို့စားသောက်နိုင်သူများ၍သာ စားသောက်ဆိုင်တွေ အများကြီးဖွင့်ထားခြင်းဖြစ်သည်။ အစ္စတန်ဘူလ်တွင် လူဦးရေ ၁၇ သန်းရှိရာ ထိုသို့စားနိုင်သူပေါင်း ၅ ရာခိုင်နှုန်းမက ရှိနိုင်ကြောင်း စာရေးသူတို့ကိုလိုက်ပို့သော တူရကီတစ်ဦးက ခန့်မှန်းသည်။

အရှေ့အနောက် ဆုံတဲ့နေရာ တူရကီပါ

တူရကီတွင် ပုံမှန်အားဖြင့် မနက်စာ၊ နေ့လယ်စာ၊ ညစာ စားချိန်များ မြန်မာနှင့်စာလျင် နောက်ကျကြသည်။ စာရေးသူ တို့ရောက်သည့်အချိန်(ဇွန် ၁၆-၂၂)တွင် နေ့တာရှည်နေခြင်းကလည်း အကြောင်းတစ်ကြောင်းဖြစ်ပေလိမ့်မည်။ နံနက် ၅ နာရီကျော်သည်နှင့် မိုးလင်းနေပြီး၊ ၆ နာရီခန့်တွင် နေထွက်သည်၊ ည ၉ နာရီခန့်မှ နေ၀င်သည်။ မိုးလင်းမိုးချုပ်အလုပ် လုပ်မည်ဆိုလျှင် အချိန် ၁၆ နာရီရသည်။

နံနက်စာကို နံနက် ၉ နာရီ ၀န်းကျင်တွင်စား၊ နေ့လယ်စာ ကို နေ့လယ် ၃ နာရီဝန်းကျင်တွင်စားပြီး၊ ညစာကို ည ၉ နာရီဝန်းကျင်မှ စားကြသည်။ အစားအသောက်ကတော့ မြန်မာတစ်ဦးအတွက် ပိုလျှံနေတတ်သည်။

စာရေးသူတို့ရောက်ခဲ့သည့်နေရာများမှာ Blue Mosque(ဗလီပြာကြီး)Saint Sophia Museum(သူတော်စင် ဆိုဖီယာပြတိုက်)၊ Topkapi Palace(တော်ကပီနန်းတော်)၊ Grand Bazar(ဂရင်းဈေးကြီး)၊ Bosphorus Cruise Trip (ဘော့စ်ပါးရက်စ်ရေလက်ကြားအပျော်သင်္ဘောကြီး)၊ Capacity Shopping Center(ကပစတီဈေးဝယ်စင်တာ)၊ Zaman Newspaper(ဇမန်းသတင်းစာ)နှင့် Olivium Shopping Center(အိုလီဗီယံဈေး ၀ယ်စင်တာ)တို့ဖြစ်သည်။

တူရကီတွင်နေရသည့် ရက်နည်းနည်းတွင် စီးပွားရေးဆွေးနွေးပွဲတက် သတင်းယူရ၊ လိုက်ပို့သည့်နေရာများကြည့်ရ လေ့လာရ၊ ဈေးဝယ်ရ၊ တည်ခင်းကျွေးမွေးသည်များကို စားရ၊ သောက်ရနှင့် ဧည့်သည် ၂၁ နိုင်ငံမှ စီးပွားရေးသမားများနှင့် သတင်းစာဆရာများမှာ အနားမရဘဲ ပင်ပန်းမှုဒဏ်ကိုခံစားရသည်အထိ နေ့တာရှည်ရှည်တွင် ပြေးလွှားခဲ့ကြရသည်။

နှုတ်ဆက်ပါသည် တူရကီ
အယ်ဒီတာတစ်ပတ်ကြာ ရောက်ခဲ့ဖူး၊ လှည့်လည်လေ့လာခဲ့ဖူးသည့်တူရကီအကြောင်းကို စာဖတ်သူများ သိစေချင်သော စေတနာကြောင့် အပတ်စဉ်တစ်ပတ်တစ်ပုဒ် ရေးသားခဲ့ပြီးနောက် ယခုတစ်ပတ်တွင် အဆုံးသတ်လိုက်ပါသည်။ နှုတ်ဆက်ပါသည် …တူရကီ။

မင်းသမီးနဲ့ကွဲတဲ့လွမ်းခန်း

အက်တင်များတဲ့ မင်းသား

ဇွန် ၂၂ ညပိုင်းက အစ္စတန်ဘူလ်နိုင်ငံတကာလေဆိပ်ကြီးထဲ လေယာဉ်စောင့်ခရီးသည်များကြားတွင် အယ်ဒီတာတို့ မြန်မာအဖွဲ့လည်းရှိနေသည်။ ဘန်ကောက်သို့ပြန်လည်ထွက်ခွာရန် ညလေယာဉ်စီးရေးအတွက်ဖြစ်သည်။ တူရကီမြေပေါ် (လေဆိပ်ထဲ)နောက်ဆုံးနေခွင့်ရသည့်အချိန်ပိုင်းလေးလည်းဖြစ်သဖြင့် လွမ်းသလိုလိုဖြစ်ကာ တူရကီနှင့်ပတ်သက်၍ ရောက်တတ်ရာရာကို အယ်ဒီတာတို့အချင်းချင်း ပြောဆိုနေကြသည်။

တူရကီရောက်ဖူးချင်သဖြင့် ကြိုးစားလာခဲ့ကြပြီး၊ အခုတော့လည်း လုပ်ကိုင်စရာ၊ လည်ပတ်စရာများပြီးသဖြင့် ပြန်ကြရတော့မည်။ ဘ၀ဆိုတာလည်း ဒီလိုပါပဲ။ လာလိုက်၊ ပြန်လိုက်ပါပဲ။ ယူလိုက် ပေးလိုက်ပါပဲ။ ပျော်လိုက်၊ မောလိုက်ပါပဲ။ ငိုလိုက်၊ ရယ်လိုက်ပါပဲ၊ ကြည်နူးလိုက်၊ ခါးသည်းစွာခံစားလိုက်ပါပဲဟု ဆန့်ကျင်ဘက်တို့ကို တွေးနေမိသည်။

စကားပြောနေကြရင်း လေဆိပ်ထဲ ဟိုကြည့်ဒီကြည့် ကြည့်နေကြသည်။ အများစုက တူရကီလူမျိုးယောက်ျား၊ မိန်းမ အသက်အရွယ်အစုံတွေ့ရသည်။အီရန်တွေ၊ ဥရောပသားတွေ၊ တရုတ်၊ ဂျပန်စသည့် အာရှသားတွေလည်းတွေ့ရသည်။ ခေါင်းမြီးခြုံ၊ ကိုယ်လုံဝတ်ရုံဝတ်တွေကို လေဆိပ်အ၀င်စစ်တော့ အမျိုးသမီးချင်းစစ်တာဖြစ်ပေမယ့် ခြေဖျားမှမျက်နှာအထိ သတ္ထုစစ်ဆေးတံ(Metal detector)ဖြင့် ခန္ဓာကိုယ်ကပ်ကာ (တစ်ခါတရံထိပြီး) စစ်ဆေးသည်။

အယ်ဒီတာတိုကြည့်နေစဉ်မှာပဲ အာရပ်အမျိုးသမီးကြီးငယ်များက ရှေ့ခွဲနှိပ်သီးတပ်အပေါ်ဝတ်ရုံများကို ဖြဲခွဲချလိုက်ပြီး စစ်ဆေးခံကြရသည်ကို တွေ့ရသည်။ ခြေထောက်ကြားသို့ သတ္ထုစစ်ဆေးတံထိုးသွင်းနိုင်ရန်ဖြစ်သည်။ အတွင်းကတော့ အရွယ်ငယ်အမျိုးသမီးများက ဂျင်းဘောင်းဘီ၊ ဘလောက်စ် အင်္ကျီဝတ်ထားကြပြီး၊ အရွယ်လတ်နှင့်အရွယ်ကြီးအမျိုးသမီးများက စကတ်များ၊ ဘလောက်စ်အင်္ကျီများ၊ ၀တ်ရုံရှည်များ ၀တ်ထားသည်ကို တွေ့ရသည်။ စစ်ဆေးသူနှင့် စစ်ဆေးခံသူ နှစ်ဘက်လုံး တာဝန်ကိုယ်စီမို့ စိတ်ရှည်သည်းခံဆောင်ရွက်ကြရသည်။

အချက်ပေးသံမြည်လာပါက တစ်ခါပြန်လှည့်စေပြီး နောက်တစ်ခါထပ်မံစစ်ဆေးပြန်သည်။ (ထိုင်းလေဆိပ် လေယာဉ်ပေါ်အတက်စစ်ဆေးရာမှာတော့ ရင်ခုန်စရာကောင်းခဲ့သည်။ အယ်ဒီတာတို့အပါအ၀င် အမျိုးသားများကို စစ်ဆေးသူတို့မှာ ထိုင်းပျိုဖြူငယ်ရွယ်သောအချောအလှလေးများ၊ သတ္ထုစစ်ဆေးတံနှင့်ရော သူတို့လက်နှင့်ပါ ခန္ဓာကိုယ်အနှံ့ (ရင်ဘတ်၊ ၀မ်းဗိုက်၊ ပေါင်၊ ခြေသလုံးစသည့်) ပွတ်သပ်စစ်ဆေးသွားခဲ့ရာ အာရုံခံအားကောင်းပြီး အထိအတွေ့အကြုံအတွေ့မရှိသော အယ်ဒီတာမှာ တံတွေးကိုသာ မြိုချခဲ့ရသည်။)

တက္ကသိုလ် ပထမနှစ် ကောင်မလေးနဲ့ အမှတ်တရ

အယ်ဒီတာတို့ ဟိုဒီကြည့်နေတုန်းမှာပင် အတွဲတစ်တွဲကို တွေ့ရသည်။ အမျိုးသားကော အမျိုးသမီးပါ အသက်အစိတ်နှင့် ၃၀ တွင်း ဖြစ်ကြသည်။ ပထမတော့ သတိမထားမိ၊ ပုံမှန်အတွဲ တစ်တွဲ နှုတ်ဆက်နေကြတာ၊ အမျိုးသားက ခရီးထွက်မှာမို့ အမျိုးသမီးက လိုက်ပို့တာပဲဟု တွေးထင်ရင်း သိပ်စိတ်မ၀င်စားမိ၊ နောက်တော့မှ ထင်သလိုမဟုတ်ဘဲ အော်စကာတန်းဝင်လွမ်းခန်းဖြစ်နေသည်ကို တွေ့ရသည်။ အမျိုးသမီးက ခရီးသွားမှာဖြစ်ပြီး၊ အမျိုးသားက ပို့ဆောင်နှုတ်ဆက်တာဖြစ်သည်။ ပထမတော့ ခရီးသွားမည့်သူနှင့် လိုက်ပို့သူနှစ်ဦး အတူရှိနိုင်၊ နှုတ်ဆက်နိုင်သည့်နေရာတွင် သူတို့နှစ်ဦးရှိကြကာ အချင်းချင်းတိုးကပ်ထားရင်း နှုတ်ဆက်စကားတွေပြောလိုက်၊ မှာစရာရှိတာတွေမှာလိုက်၊ နှုတ်ဆက်ပိုက်ထွေးမှုလေးလုပ်လိုက်၊ နှုတ်ဆက်အနမ်းလေးပေးလိုက်နှင့်ရှိနေကြသည်။ သူတို့ကား သူတို့ခံစားမှုနှင့် သူတို့အရှိန်နှင့်သူတို့မို့ ပတ်ဝန်းကျင်ကိုလည်း မေ့နေပုံရသည်။

အမျိုးသားက အရပ်အမောင်း မြင့်မားသူမဟုတ်သော်လည်း ချောမောကြည့်ကောင်းသူဖြစ်ပြီး၊ အမျိုးသမီးကား အတန်ငယ်ဖိုင့်သည်ဟုထင်ရသော်လည်း ၀တ်စားဆင်ယင်ပုံအရ ခေတ်မီဝင့်ထည်သူဖြစ်သည်။ အယ်ဒီတာတို့လည်း ကြည့် ကောင်းကောင်းနှင့် ကွက်ကြည့်ကွက်ကြည့်မှ သတိထားပြီး တရပ်စပ်ကြည့်ဖြစ်ခဲ့သည်။ မကြာပါ။ အမျိုးသားလေးမျက်ဝန်းမှ ပုလဲလုံးလေးများလိမ့်ဆင်းလာခဲ့သည်။ ညွှန်ကြားပြသသည့် ဒါရိုက်တာမပါ၊ မီးထိုးမှန်ထိုးနှင့်စက်အဖွဲ့ မပါ၊ လေဆိပ်ရှုတင် မဟုတ်၊ ရုပ်ရှင်ရိုက်ကူးနေသည် မဟုတ်၊ တကယ့်ဇာတ်ဝင်ခန်း၊ တကယ့်လူမှုရပ်ဝန်းထဲက ရင်ထိစရာ ဇာတ်ဝင်ခန်း၊ မင်းသမီးနဲ့ကွဲတဲ့ လွမ်းခန်း။

လှပတဲ့ အစ္စတန်ဘူလ်က လမ်းလယ်ကျွန်း

နောက်တောက်တောက်ပြောရင်း၊ ကြည့်ရင်းလုပ်နေသည့်အယ်ဒီတာတို့ အဆိုပါအတွဲ၏ တကယ့်ဇာတ်ဝင်ခန်းကို ကြည့်ပြီး စကားသံရပ် ငြိမ်ကျသွားသည်။ သူတို့နှင့်အတူ လိုက်ပါခံစားလွမ်းဆွေးသွားပြီး၊ အာခေါင်တွေပါ ခြောက်ကပ် လာခဲ့သည်။ အမျိုးသားလေးက ဟန်ဆောင်ပန်ဆောင်လား (သတင်းထောက်ပီပီ သံသယက ၀င်လာသေးသည်) အမျိုးသမီးကတော့ မခွဲခင် အပိုပဲတွေ ဆောင်းပေးနေတာလား။ မဟုတ်၊ တကယ်။ သူတို့တကယ်ကြေကွဲနေကြခြင်းဖြစ်သည်။ သူတို့သည် နှလုံးသားချစ်ခြင်းကို ခန္ဓာကိုယ်တစ်ခုလုံးရှိ အာရုံကြောများထဲ ပို့လွှတ်ပြီး၊ တစ်ဦးထံတစ်ဦး အပြန်အလှန် ကူးစက်စီးမျောကြခြင်းဖြစ်သည်။ သဘာဝကျသည်။ ရုပ်ရှင်ထဲက သရုပ်ဆောင်ကောင်းသော မင်းသား၊ မင်းသမီးတို့၏ သရုပ်ဆောင်ချက်မဟုတ်။ ကြည့်နေသောအယ်ဒီတာကိုယ်တိုင် အသက်ရှူမြန်လာသည်။ သူတို့တော့ မပြောတတ်။ အစ္စတန်ဘူလ်ညခင်းသည် ပိုလှသွားသယောင်၊ အချစ်ဓာတ်ကြောင့်ဖြစ်မည်။ အချစ်ဓာတ်သည် လေဆိပ်ကြီးကို ပိုထွန်းလင်းစေလိုက်သည်ဟု အယ်ဒီတာခံစားရသည်။

နောက်တော့သူတို့ မျက်ရည်စကို သုတ်သိမ်းကြသည်။ ဂျင်းဘောင်းဘီနှင့်တီရှပ်ဝတ်ထားသော ခပ်ပြည့်ပြည့်အမျိုးသမီးလေး စစ်ဆေးရေးဂိတ်ကိုဖြတ်ပြီး အတွင်းဝင်လာသည်။ အတွင်းသို့ဝင်ပြီးမှ ကာထားသောမှန်ချပ်ကြီးနောက်၌ရှိနေသော အမျိုးသားလေးနား တစ်ခါသွားကာ နှုတ်ဆက်ပြန်သည်။ မှန်ချပ်ကြီးကား ချစ်သူနှစ်ဦးကို ကာဆီးထားလေပြီ။ အမျိုးသမီးလေးသည် လေယာဉ်ပေါ်သို့နောက်ဆုံးနီးပါးမှ တက်သည်။ သူတို့ဇာတ်လမ်းကို အစအဆုံးကြည့်နေသော အယ်ဒီတာတို့သာ သူ့နောက်မှာရှိတော့သည်။ အမျိုးသမီးလေးသည် ဘန်ကောက်ထွက်မည့်လေယာဉ်နှင့်လိုက်ပါမည်ဆိုတော့ သံတမန်ဝန်ထမ်းပေလား၊ စီးပွားရေးသမားလား၊ သုတေသနအတွက်လေ့လာရေးသွားမည့်သူလား၊ သူတို့ ဘယ်လောက်ခွဲကြရမှာလဲ၊ ရက်ပိုင်းလား၊ လပိုင်းလား၊ အပြီးအပြတ်လား။ အယ်ဒီတာခေါင်းသည် အင်အားကြီးစွာအလုပ်လုပ်ရသော အင်ဂျင်ကြီးကဲ့သို့ ပူထူလာတော့သည်။ တူရကီကို အပြင်းထန်ဆုံး ခံစားချက်ဖြင့် နှုတ်ဆက်ခဲ့တော့သည်။

အဆန်းအသစ်တွေ့မြင်ရသည်များ

မြန်မာကိုလဲ သူတို့ မိတ်ဆက်ခဲ့သည်

တူရကီ၊ အစ္စတန်ဘူလ်နှင့် အာဇရွန်မြို့နှစ်မြို့ရောက်ခိုက် စာအုပ်ဈေးပွဲနှင့် စာအုပ်ဆိုင်များသို့ ရောက်ခဲ့သည်။ ၀င် ရောက်လေ့လာကြည့်တော့ စာအုပ်ဆိုင်များမှာ စာအုပ်အခင်းအကျင်းနှင့်ပါ စာအုပ်ဝယ်မည့်သူ၊ စာသမားတို့ကို ဆွဲဆောင် ထားသည်ကို သတိထားမိသည်။ ရန်ကုန်၊ မန္တလေးစာအုပ်ဆိုင်တွေနှင့် စာအုပ်ရောင်းချပုံချင်းတူသော်လည်း ဆိုင်အခင်း အကျင်းနှင့်ပုံစံတွင် သူတို့က ဆွဲဆောင်မှုရှိနေသည်။ တူရကီဘာသာဖြင့်ပုံနှိပ်ထုတ်ဝေသော စာအုပ်များသာတွေ့ရပြီး၊ အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေသော စာအုပ်မတွေ့ရ၊ ရိုမန်ဘာသာဖြင့်ထုတ်ဝေသော စာအုပ်အနည်းအငယ်တွေ့သည်။ စာအုပ်ကတော့ အစုံ စိတ်ကူးယဉ်၊ စိတ်ကူးယဉ်မဟုတ်၊ သမိုင်း၊ ကလေးစာပေစသည့်ဖြင့် စာဖတ်သူအစုံအတွက် စာအုပ်အစုံ ထုတ်ဝေသည်။

တူရကီလက်ဝတ်ရတနာဒီဇိုင်းသည် ဥရောပမီလန်မြို့ကြီးပြီးလျှင် ကမ္ဘာ့ဒုတိယအကောင်းဆုံးဟု တူရကီကျောက်မျက် ရတနာလုပ်ငန်းရှင်များက ဆိုကြသည်။ နိုင်ငံတကာမှကျောက်မျက်များနှင့် တူရကီ၏ဒီဇိုင်းဖန်တီးမှုပေါင်းစပ်ကြောင်း ပြောကြသည်။ မြန်မာကျောက်မျက်လုပ်ငန်းရှင်များအနေနှင့် တူရကီနှင့်ချိတ်ဆက်၍ ကျောက်မျက်ရတနာရောင်းချနိုင်သည့် အခွင့်အလမ်းရှိနေသည်ကို သတိထားမိသည်။

အစ္စတန်ဘူလ်မှ တစ်နာရီခွဲကျော်ကြာလေယာဉ်စီးပြီးသွားရသော အာဇရွန်မြို့ရှိမြို့အုပ်ချုပ်ရေးမှူး(Governor) နှင့် အလွယ်တကူတွေ့ခွင့်ရသည်။ ဖုန်းဆက်ပြီး သွားတွေ့ရုံသာဖြစ်သည်။ မြန်မာနိုင်ငံမှစီးပွားရေးသမားနှင့် သတင်းစာဆရာများကို ၄င်း၏ရုံးခန်းတွင် တွေ့ဆုံနှုတ်ဆက်စကားပြောသည်၊ မြန်မာနိုင်ငံနှင့် နှိုင်းယှဉ်လျှင် မြို့နယ်အုပ်ချုပ်ရေးမှုးအဆင့်ထက် အနည်းငယ်မြင့်သည့် အစိုးရခန့်အရာရှိ ဖြစ်သည်။ အာဇရွန်မြို့လေးတွင် ၂၀၁၁ ၌ ကမ္ဘာ့တက္ကသိုလ် များဆောင်းရာသီအားကစားပြိုင်ပွဲကျင်းပရန် ပြင်ဆင်နေကြောင်း ပြောသည်။ ထိုအချိန်တွင်လည်း လာရောက်ကြပါဟု ဖိတ်ခေါ်သည်။ အာဇရွန်မြို့လေးမှာ တစ်နှစ်လျင် ၆ လ စကိတ်စီးနိုင်သော နှင်းဖုံးအပန်းဖြေမြို့လေးဖြစ်သည်။

အစ္စတန်ဘူလ်မြို့တော်တွင် လှပရှည်လျားသော ကနေဒီလမ်းဆိုတာရှိသည်။ အမေရိကန်ပြည်ထောင်စု၏လုပ်ကြံခံ သမ္မတကနေဒီ (အသက်အငယ်ဆုံးသမ္မတ၊ ဆွဲဆောင်စည်းရုံးရည်အကောင်းဆုံးသမ္မတ၊ ဥပဓိရုပ်အကောင်းဆုံးသမ္မတနှင့် ၃၅ ယောက်မြောက်အမေရိကန်သမ္မတ)ကို ဂုဏ်ပြုမှည့်ခေါ်ထားခြင်းဖြစ်သည်။

အယ်ဒီတာတို့ရောက်ရှိခဲ့သော အစ္စတန်ဘူလ်ရှိ သမိုင်းဝင်ဗလီကြီးများနှင့် ဘာသာရေးအဆောက်အဦများတွင် အစ္စလာမ်ဘာသာဝင်တို့ထုံးစံအရ အရွယ်ငယ်အမျိုးသားလေးများ၌ပြုရသော လိင်အင်္ဂါထိပ်ဖြတ်ခြင်းအမှု ဆောင်ရွက် ရန်လာရောက်ကြသည်ကိုတွေ့ခဲ့ရသည်။ ဗလီများ၊ ဘာသာရေးအဆောက်အဦများတွင် ယင်းကိစ္စကိုဆောင်ရွက်ကြခြင်း မဟုတ်ဘဲ၊ ကလေးကို မင်းသားအသွင်ဝတ်ဆင်စေပြီး၊ လာရောက်ခြင်းဖြစ်သည်။ ညီမ၊ နှမ၊ အစ်မများအပါအ၀င် မိဘဆွေမျိုးများနှင့်အတူတကွ လာရောက်ကြခြင်းဖြစ်ပြီး အားလုံးပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွရှိနေကြသည်။

တူရကီမိန်းမငယ်လေးများကို အယ်ဒီတာတို့ ရင်းရင်းနှီးနှီး စကားပြောကြည့်ရာ ရှိုးတို့ရှန့်တန့်ဖြစ်မနေဘဲ ရင်းရင်းနှီးနှီးရှိကြပြီး၊ အတူပါလာသော မောင်၊ အစ်ကို၊ ဦးလေး၊ ဖခင်တို့ကပါ မျက်နှာထားတည်ခြင်း၊ ကန့်ကွက်ခြင်း၊ ကြိမ်းမောင်းခြင်းမရှိဘဲ ရယ်ရယ်မောမောရှိနေကြသည်။ တူရကီသည်လည်း နိုင်ငံခြားသားများကို ဖော်ရွေပြီး၊ လွတ်လပ်သော ဒီမိုကရက် တစ်မွတ်စလင်သမ္မတနိုင်ငံဖြစ်ကြောင်း နိုင်ငံသားများက သက်သေပြုနေသကဲ့သို့ဖြစ်သည်။ တူရကီအမျိုးငယ်လေးများ ကိုယ်တိုင် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) သူတို့မောင်များ ဘာလုပ်(ထိပ်ဖြတ်)မည်ကို သိနေကြသည်။

ပန်းခြံတွေမှာ အပန်းဖြေကြ၊ လေရှုကြတယ်

တူရကီရှိနေခိုက် ဥရောပဖလားဘောလုံးပြိုင်ပွဲ ၂၀၀၈နှင့် ကြုံနေသည်။ ပေါ်တူဂီ-ဂျာမနီ ကွာတားဖိုင်နယ်လ်(ရှုံးထွက်) ပွဲကို တည်းခိုရာဟိုတယ်တွင် ကြည့်ဖြစ်သည်။အစ္စတန်ဘူလ်ရှိ Wow ကြယ်လေးပွင့်နှင့်ကြယ်ငါးပွင့်ဟိုတယ်နှစ်လုံးတွင် အယ်ဒီတာတို့တည်းရသောအခန်းတွင် ဘောလုံးပွဲကြည့်မရသဖြင့် ကြယ်ငါးပွင့်ဟိုတယ်ဘက်ကူးကာ ဟိုတယ်ခန်းမကြီး Lobby တွင် ကြည့်ရသည်။

ညပိုင်းဖြစ်သဖြင့် အယ်ဒီတာတို့ မြန်မာသတင်းစာဆရာနှစ်ဦးမှာ ရှပ်အင်္ကျီ၊ ပုဆိုးကိုယ်စီ၊ ဟိုတယ်တွင်းစီးဖိနပ်များနှင့် ပင်ဟိုဘက်ကူးကြည့်သည်ဖြစ်ရာ၊ နိုင်ငံတကာမှဧည့်သည်များ၏ ၀ိုင်းဝန်းကြည့်ရှုခြင်းကိုပင် ခံခဲ့ရသည်။ ဂျာမနီက ပေါ်တူဂီကို ၃-၂ ဖြင့်နိုင်ခဲ့သည်။ အာဇရွန်မြို့လေးတွင် တူရကီနှင့်ခရိုအေးရှား ကွာတားဖိုင်နယ်လ်ပွဲကြည့်ရသည်။ နောက်ဆုံးစက္ကန့်အထိလိုက်ကစားပြီး တူရကီက သရေကစားကာ ပိုင်နယ်လ်တီတွင် အနိုင်ရသဖြင့် ဆီမီးဖိုင်နယ်လ်ရောက်ခဲ့သည်။ ဆီမီးဖိုင်နယ်လ်တွင်တော့ ဂျာမနီနှင့်တွေ့ကာ ၃-၂ဖြင့် ရှုံးနိမ့်ခဲ့သည်။ ဆီမီးဖိုင်နယ်လ်ရောက်အောင် ကြိုးစားခဲ့ကြသည့် တူရကီဘောလုံးသမားများကို တူရကီနိုင်ငံသားတို့က အလွန်ချစ်ခင်ကာ ဂုဏ်ယူခဲ့ကြသည်။

တူရကီရောက်ခိုက် အတွေ့ရအများဆုံးနှင့် နောက်ဆုံးစွဲလန်းခဲ့ရသည်ကား (ချာသို့မဟုတ်ကြာ)ဟုခေါ်သည့် လက် ဖက်ရည်ပင်ဖြစ်သည်။ တူရကီတို့က တစ်ထိုင်တည်း(နံနက်စာ၊ နေ့လယ်စာ၊ ညစာတွင်လည်းပါ) သုံးလေးခွက်မှငါးခွက် ခြောက်ခွက်အထိ သောက်ကြသည်။ လစ်ပတန်တီးပုံစံလက်ဖက်ခြောက်နှပ်ပြီး သကြားခဲလေးများထည့်ကာ မွှေပြီးသောက်ကြသည်၊ တစ်ခါတရံ လန်းသွားအောင် သံပုရာညှစ်ထည့်သည်။

အယ်ဒီတာတို့လည်း ပထမတော့ မြည်းစမ်းရုံသောက်ကြသည်။ နောက်တော့ အိမ်ရှင်တူရကီများနှင့်အပြိုင် သူတစ်ခွက် ကိုယ်တစ်ခွက်လိုက်သောက်ရင်း သုံးခွက်လောက်အထိ လိုကသောက်နိုင်ခဲ့သည်။ သကြားပါထည့်သဖြင့် သကြားဓာတ် လည်းရ(အားပြန်ပြည့်)၊ လက်ဖက်ရည်ကြောင့် ကဖိန်းဓာတ်ရပြီး၊ သံပုရာကြောင့် လန်းသွားရသည်။

ဈေးဝယ်သွား၊ ဧည့်လည်သွားတိုင်းလည်း လက်ဖက်ရည် နှင့်ဧည့်ခံကြရာ(ချက်ချင်းနှပ်ချက်ချင်းတိုက်) အယ်ဒီတာတို့မှာ အကြိုက်တွေ့ခဲ့ရသည်။ ဘလက်ကော်ဖီ(သကြားမပါ)ကြိုက် သော အယ်ဒီတာပင် တစ်ပတ်အပြီးနောက်ပိုင်း၌ သကြားတုံး လေးနှစ်တုံးထည့်မွှေသောက်ရသော တူရကီလက်ဖက်ရည်လေးကို လွမ်းနေတော့သည်။ နှုတ်ဆက်ပါသည်..တူရကီ။

တူရကီ

ဒါဟာ တူရကီပါပဲ

– မြန်မာနိုင်ငံထက် ဧရိယာအနည်းငယ်ကြီးပြီး၊ အာရှနှင့် ဥရောပတိုက်နှစ်ခုပေါ်ခွလျက်တည်ရှိ သည်။

– လူဦးရေ သန်း၇၀ ကျော်ရှိပြီး၊ တူရကီဘာသာစကားမှာ ရုံးသုံးဘာသာစကားဖြစ်သည်။ မြို့တော်မှာ အန်ကာရာ Ankara ဖြစ်ပြီး၊ အကြီးဆုံးမြို့ကြီးမှာ အစ္စတန်ဘူလ်ဖြစ်သည်။

– ပါလီမန်စနစ်ကျင့်သုံးသောသမ္မတနိုင်ငံဖြစ်ပြီး၊ လက်ရှိသမ္မတမှာ အဗ္ဗဒူလာဂါးလ်ဖြစ်သည်။

– တူရကီနိုင်ငံသုံးငွေမှာ လီရာဖြစ်ပြီး၊ အယ်ဒီတာတို့ လဲလှယ်သုံးစွဲခဲ့ရာပေါက်ဈေးမှာ အမေရိကန်ဒေါ်လာ ၁၀၀ ပေးလျင် လီရာ ၁၂၄ ရသည်။ နောက်တစ်ရက် ဒေါ်လာဈေးကျသဖြင့် ၁၂၀ရ သည်။ ( ၂၀၀၈ ဇွန် ၁၈ နှင့် ၂၀)။

– လတ်တလောတွင် မြန်မာနိုင်ငံနှင့်အချိန်ကွာခြားမှု ၃ နာရီခွဲရှိသည်။တူရကီစံတော်ချိန်မှာ ရာသီအလိုက် တစ်နာရီ ရှေ့တိုးနောက်ဆုတ်ပြောင်းလဲသဖြင့် တစ်ခါတစ်ရံ မြန်မာနှင့် ၂ နာရီခွဲ ကွာခြားသည်။ ဥပမာ- တူရကီတွင် နံနက် ၈ နာရီဆိုလျင် မြန်မာ၌ ၁၁ နာရီခွဲရောက်နေမည်ဖြစ်သည်။ ။

တူရကီသို့တစ်ခေါက်(ဇွန် ၁၅ မှ ၂၂၊ ၂၀၀၈) သွားရောက်လေ့လာခွင့်ရသည်ကို ဝေမျှခြင်းဖြစ်ပါသည်။