သူငယ်ချင်းတစ်ယောက် ကလေးလေးတစ်ယောက်မွေးတယ်
ယောက်ျားလေးတဲ့
သူ့ခမျာ အားရနေရှာ
သူနဲ့တူသူ နောက်တစ်ယောက် ကမ္ဘာမှာ ထွန်းပေါက်လာသတဲ့၊
မိဘမေတ္တာ သမုဒ္ဒယသစ္စာ ချစ်လိုက်တာ ချစ်လိုက်တာ
ပြောမပြနိုင်အောင် တုန်နေအောင် ချစ်လိုက်တာ
မိမေတ္တာ ဖမေတ္တာ ပိုသိသွားသတဲ့၊
အော် ကလေးတစ်ယောက် မွေးခဲ့တဲ့ စိတ်စေတနာ။

အရင့်တစ်ပတ်က တခဏအဖော်က ကြည်နူးပြုံးနဲ့
ရင်တွင်းစကား မြည်းတမ်းညည်းတယ်
ကလေးလေးတစ်ယောက် မွေးချင်လို့တဲ့
မိန်းကလေးလေး မွေးမယ်
ချစ်စရာလေး ဖြစ်စေရမယ်
လူ့ယဉ်ကျေး အမျိုးကောင်းသမီးလေးတဲ့၊
သူ့ခမျာ မမွေးသေးတဲ့ သမီးလေးအတွေးနဲ့ တဒင်္ဂ ဘ၀င်ခိုက်ရှာတယ်၊
အော် ပုထုဇဉ်တွေချည်းမို့ ကိုယ်လည်း လိုက်လို့ပြုံးရုံသာ။

ကလေးမွေးရင် ဖအေက အဓိကတဲ့
ဘယ်လိုကလေးမျိုး မွေးချင်သလဲ
သူ့အဖေသာ ကြည့်တဲ့၊
ယေဘူယျဆိုဆို မယုံဘူးဆိုဆို ဆိုချင်တာဆို
အဖေတစ်ယောက်တော့ လောက်လောက်လားလားရှာလိုက်ပါ မိန်းကလေးလို့သာ
ကိုယ်အကြံပေးမိ
အော် ကိုယ်လိုချင်တဲ့ အဖေမျိုးကိုပေါ့။

သတ္တိလည်း ရှိရမယ်
ပညာလည်း တတ်ရမယ်
အရည်အချင်းလည်း ရှိရမယ်
ယောက်ျားလည်း ပီသစေမယ်
ဖြောင့်မတ်သူလည်း ဖြစ်ရမယ်
မပျင်းရိသူလည်း ဖြစ်စေကွယ်လို့

သတ္တိမရှိတဲ့ ယောက်ျား
ပညာမတတ်တဲ့ ယောက်ျား
အရည်အချင်းမရှိတဲ့ ယောက်ျား
ယောက်ျားမပီသတဲ့ ယောက်ျား
မဖြောင့်မတ်တဲ့ ယောက်ျား
ပျင်းတဲ့ ယောက်ျားနဲ့တော့
ဝမ်းအနာခံ ခန္ဓာစိုက်လို့
မင်း မမိုက်လိုက်လေနဲ့လို့
နှမငယ်အား ချစ်ကိုစကား
မှာကြားခဲ့ကြောင်းပါ
အော် လောကထဲက ချစ်နှမများ လိုက်နာစေချင်ကြောင်း
ကိုယ်တစ်ယောက်တည်း ဆုတွေ တွင်တွင်တောင်းနေတော့။